နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

အာဏာသိမ်း စစ်ကော်မရှင်၏ တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ၎င်းတို့၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများဖြင့် သာလွန်အနိုင်ရရှိထားပြီး ထိုအပေါ် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများမှ လက်မခံဘဲ ဝေဖန်ထောက်ပြ၍ အငြင်းပွားဖွယ်ဖြစ်နေကြောင်း သိရသည်။

နိုင်ငံ့ခေါင်းဆောင်များနှင့် အတိုက်အခံ ပါတီများကို ဖမ်းဆီးဖျက်သိမ်း၍ ပြုလုပ်ခဲ့သည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁)ကို ပြည်သူအများစုက ဆန့်ကျင်၍ မဲပေးသူ အလွန်နည်းပါးခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီက မြို့နယ် ၈၀ မြို့နယ်တွင် ကြိုတင်မဲများဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

စစ်ကော်မရှင် လက်အောက်ခံ UEC ၏ လတ်တလော ထုတ်ပြန်ချက်များအရ ကြံ့ခိုင်ရေးပါတီသည် အပိုင်း(၁)၌ ပါဝင်သော မြို့နယ် ၈၁ မြို့နယ်တွင် ကြိုတင်မဲပေါင်း ၃ သိန်း ၄ သောင်းကျော်ဖြင့် ကျန်ရှိနိုင်ငံရေးပါတီများကို သာလွန်အနိုင်ရကြောင်း Data for Myanmar က ဆိုသည်။

အဆိုပါ မြို့နယ်များတွင် စစ်ရေးပြင်းထန်နေပြီး စစ်ကော်မရှင် အထိနာ စစ်ရှုံးနေသည့် ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နယ်မှလွဲ၍ ကျန်ရှိမြို့နယ် ၈၀ မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများ သာလွန်ခဲ့ပြီး ၎င်းတို့ရရှိသည်ဆိုသော ခိုင်လုံမဲ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၁ ဦး ရရှိသည့် ခိုင်လုံမဲသည် နှစ်သန်းကျော် (၂,၀၅၈,၈၀၈ မဲ) ဖြစ်သည်ဟု သိရပြီး ထိုအနက်မှ ကြိုတင်မဲ စုစုပေါင်း သုံးသိန်းလေးသောင်းကျော် (၃၄၂,၆၄၂) ရှိကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းရွေးကောက်ပွဲတွင် စစ်ကော်မရှင် အသိအမှတ်ပြု အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၆၂ ဦးရရှိသည့် ခိုင်လုံမဲသည် ၂.၄ သန်းကျော် (၂,၄၇၃,၀၆၁ မဲ)ဖြစ်ပြီး ကြိုတင်မဲ ကိုးသောင်းလေးထောင်ကျော် (၉၄,၆၆၆ မဲ) ရှိကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့၏ ကြိုတင်မဲ ရရှိမှုသည် စုစုပေါင်း ၄ ရာခိုင်နှုန်းသာရှိပြီး ကြံ့ခိုင်ရေးပါတီကို မဲရုံမဲအရ အနိုင်ရမှုများ ရှိသော်လည်း ကြိုတင်မဲတွင် မယှဉ်နိုင်သဖြင့် ကျောက်ဖြူ၊ မိုးညှင်း၊ ဘားအံ၊ တီးတိန်နှင့် မြိတ် စသည့်မြို့နယ်များ၌ ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ကြိုတင်မဲများနှင့် ပတ်သက်၍ စစ်ကော်မရှင်၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှလွဲ၍ ကျန်ရှိပါတီများက ဝေဖန်ထောက်ပြကာ လက်မခံသဖြင့် စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားထားသလို စစ်ကော်မရှင် လက်အောက်ခံ UEC ကလည်း ပွင့်လင်းမြင်သာ တိကျမှန်ကန်ကြောင်း ထုတ်ပြန်ထားသည်။

‌ထိုအတွက် ‌ဝေဖန်ထောက်ပြ လက်မခံသည့် ပါတီများမှာ ကျားဖြူပါတီ (SNDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)အပါအဝင် ပါတီငယ်အများစု ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ-ကြံ့ခိုင်ရေးပါတီ