ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရွှေဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေရာတွင် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း၌ပင် အခေါက်ရွှေဈေး ကျပ် ၂၈ သိန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၃ သိန်း ဝန်းကျင် ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၅ သိန်းသာ ရှိခဲ့သဖြင့် တစ်နှစ်အတွင်း ၂၈ သိန်းခန့် ဈေးနှုန်းခုန်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းရွှေဈေး (စနစ်ဟောင်း) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ကာ ကျပ်သိန်း ၉၀ ကျော်အထိ စံချိန်တင် မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်း သိရသည်။

“ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းကစပြီး ရွှေဈေးက သိသိသာသာ ထိုးတက်လာတာ။ သိန်း ၉၀ ကျော် သွားပြီးနောက် ရက်ပိုင်းအတွင်းမှာတင် ၉၄ သိန်းအထိ ဖြစ်သွားခဲ့တယ်။ အဲဒီဈေးတန်းမှာ သုံးလေး ရက်လောက်ကြာပြီးတော့ အခုတော့ ၉၂ သိန်းနဲ့ ၉၃ သိန်းကြားမှာ ပြန်ငြိမ်နေတယ်” ဟု ရွှေအရောင်း အဝယ်ပြုလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ပြည်တွင်းရွှေဈေးအပြင် ကမ္ဘာ့ရွှေဈေးမှာလည်း ဆက်တိုက်မြင့်တက်နေပြီး ကမ္ဘာ့ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၆၁ ဝန်းကျင် ရှိနေသည်။ ပြီးခဲ့သည့် ၁၀ ရက်အတွင်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၄,၃၈၁ ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း အကယ်ဒမီအခေါက်ရွှေဈေးနှုန်းများကို ပြန်လည်နှိုင်းယှဉ်ကြည့်ပါက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကျပ် ၃၈ သိန်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ကျပ် ၆၅ သိန်း ရှိခဲ့ရာမှ ယခု ၂၀၂၆ ခုနှစ်တွင် ကျပ် ၉၃ သိန်းအထိ နှစ်စဉ် ကျပ်သိန်း ၃၀ နီးပါးနှုန်းဖြင့် ဆက်တိုက် မြင့်တက်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်