ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇန်နဝါရီ ၅ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားလ်တာရွာ နှင့် ဟိုင်ဖိုင်ကျေးရွာကို စစ်ကော်မရှင်တပ်သည် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် လေး ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဇန်နဝါရီ ၄ ရက်၊ ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင်က ဟားခါးမြို့နယ်၊ ဟားလ်တာရွာရှိ ရွာသားများအိပ်မောကျနေစဥ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဗုံးသီးက လူနေအိမ်တည့်တည့်မှာ ကျပေါက်ကွဲတာ။ အိမ်ထဲမှာ အိပ်နေတဲ့ သားနှစ်ယောက်နဲ့ မိခင်တို့ ပွဲချင်းပြီး သေဆုံးသွားတယ်။ အမျိုးသားကလည်း ပြင်းထန်ဒဏ်ရာရတယ်။ ဒီကနေ့မှာ အမျိုးသားက ထပ်ဆုံးသွားပါတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးခဲ့သည့်အပြင် ဟားလ်တာကျေးရွာရှိ နေအိမ်တချို့လည်း ပျက်စီးသွားကြောင်း သိရသည်။
အလားတူ ဟားခါးမြို့နယ်၊ ဟိုင်ဖိုင်ကျေးရွာကိုလည်း လေ ကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
ပုံစာ-ဟားလ်တာကျေးရွာရှိ စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင်များ။