ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ကျေးရွာ ၄ ရွာထက်မနည်းတွင် စစ်ကော်မရှင်နှင့် AA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ သေဆုံးမှု များပြားနေကြောင်း သိရသည်။

ယခု ဇန်နဝါရီလပထမပတ်အတွင်း လေးမျက်နှာ၊ သာပေါင်းလေး၊ အင်္ဂပူ၊ ရေကြည် စသည့်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေကာ တိုက်ပွဲမှာ ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့အထိ ပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ရိုးထဲဘက်မှာ ပစ်ခတ်သံတွေကတော့ ခုရက် တောက်လျှောက်ကြားနေရတယ်။ သေနတ်သံတွေ အဆက်မပြတ်ကြားရတော့ ရော်ဘာခြံခင်းတွေဘက်‌တွေတောင် ဆင်တွေ ထွက်ပြေးလာကြတယ်။ ခုဆို ရော်ဘာခြစ်မဲ့သူတွေတောင် မနေရဲတော့ဘူး ဆင်တွေဝင်လို့။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ဆင်တွေက အမြဲ ထွက်ပြေးလာကြတော့တာပဲ”ဟု သာပေါင်းမြိုခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သာပေါင်းမြို့နယ်အတွင်းရှိ သဲဖြူ၊ မရမ်းကျင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးစသည့်ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ စစ်ကော်မရှင်ဘက်မှ တပ်သားသစ်များ ရှေ့တန်းစစ် မျက်နှာမှ အစုလိုက်ထွက်ပြေးနေကြကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်တွင်သာမက လေးမျက်နှာနှင့် ရေကြည်မြို့နယ်အစပ်တို့တွင်ပါ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။

ကျုံပျော်တပ်ရင်းနှင့် စစ်မှုထမ်းတပ်သားသစ်များကို အင်အားစုပေါင်းကာ ကွင်းကောက်လမ်းပိုင်းမှတစ် ဆင့် လေးမျက်နှာနှင့် သာပေါင်းမြို့နယ်ကို စစ်ကူများ ပို့ဆောင်ထားကြောင်း သိရသည်။

ရက်တိုသင်တန်းဆင်းပေးပြီး ဧရာဝတီစစ်မျက်နှာသို့ ပို့ဆောင်ခံထားရသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်ကော်မရှင်က အသေခံရှေ့တက်ခိုင်းမှုများရှိနေ၍ အစုလိုက်အပြုံလိုက်သေဆုံးနေကြပြီး စစ်ဓာတ်စစ်ဆင်ရေးပျက်ပြားကာ ထွက်ပြေးမှုများရှိကြောင်း သိရသည်။