ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

 

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ (နိုင်ကျဉ်း) လုံးဝမပါဝင်စေရေးအတွက် စစ်ရုံးချုပ်၌ အထူးအစည်းအဝေး ခေါ်ယူပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီ ၄ ရက်က ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရာ၌ နိုင်ငံရေးအကျဉ်းသားများ မပါစေရန် နေပြည်တော်ရှိ စစ်ရုံးချုပ်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်၍ စစ်အရာရှိကြီးများကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

 

“၄ ရက်နေ့ မတိုင်ခင်မှာ သူတို့ စွမ်းရည်ဘွဲ့တံဆိပ်ကိစ္စတွေ၊ လွှတ်တော်ကိစ္စတွေအပြင် အကျဉ်းသား လွှတ်မယ့်ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေကို တတ်နိုင်သမျှ ချန်လှပ်ထားဖို့ အထူးအစည်းအဝေး လုပ်ကြတာ” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(စစ်ကောင်စီ)သည် အကျဉ်းသား ၆,၁၃၄ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း တော်လှန်ရေးနှင့် ဆက်နွယ်သည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ ယင်းလွတ်ငြိမ်းခွင့်တွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး၊ အဂတိလိုက်စားမှု၊ လက်နက်ဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများမှာ လွတ်ငြိမ်းခွင့်တွင် အကျုံးမဝင်ကြောင်း သိရသည်။

 

အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူ အများစုမှာ ၅၀၅-က ကဲ့သို့သော ပုဒ်မများအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများဖြင့်ပါ ပူးတွဲပြစ်ဒဏ် ချမှတ်ခံထားရသဖြင့် ယခုလွတ်ငြိမ်းခွင့်မှ ချန်လှပ်ခံခဲ့ရခြင်း ဖြစ်သည်။

 

ထို့ပြင် လွတ်ငြိမ်းခွင့်တွင် မပါဝင်ဘဲ ထောင်ထဲ၌ ကျန်ရှိနေဦးမည့် အကျဉ်းသားများအနက် အထက်ပါ အထူးပုဒ်မများဖြင့် ထောင်ကျနေသူများမှအပ ကျန်အကျဉ်းသားများကိုလည်း ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကိုသာ လျှော့ပေါ့ပေးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ စစ်ကောင်စီ၏ ယခုလွတ်ငြိမ်းခွင့်သည် နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်နှင့် ရာဇဝတ်သား များကိုသာ လွှတ်ပေးခြင်းဖြစ်ပြီး နိုင်ငံရေးအရ အရေးပါသူများနှင့် တော်လှန်ရေး အင်အားစုများကိုမူ ထောင်ထဲတွင် ဆက်လက် ပိတ်လှောင်ထားရန် စနစ်တကျ စီစဉ်ထားခြင်းပင်ဖြစ်သည်။