ဧရာဝတီတိုင်း
ဇန်နဝါရီ ၅ ရက်
စစ်ကိုင်းတိုင်းအတွင်း စစ်ကော်မရှင်က ဒုတိယအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်နေသည့် နယ်မြေများတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ကန့်ဘလူ၊ ဝက်လက်၊ ဘုတလင်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို အလွန်အကျွံ အသုံးပြုနေသဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။
“နောက်ထပ်လုပ်မယ့် ရွေးကောက်ပွဲက နီးလာလေ ပိုဗုံးကြဲလေပဲ။ သူတို့ နယ်မြေကို မစိုးမိုးနိုင်ဘူး။ အခု ရွေးကောက်ပွဲလုပ်မယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ တိုက်ပွဲတွေက ပိုပြင်းထန်နေတာ။ ဒေသခံတွေလည်း သိန်းချီပြီး ပြေးနေရတယ်” ဟု ကသာမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ယမန်နေ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) က ဆားလင်းကြီးမြို့နယ်၊ မတောင်းတိုက်နယ်ဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာဝန်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့သည်။
အလားတူ ကသာမြို့နယ်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မရှင်က ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတို့ကို အဆက်မပြတ် အသုံးပြုကာ ခုခံနေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဘုတလင်မြို့နယ်တွင်လည်း နယ်မြေစိုးမိုးမှု ရရှိရေးအတွက် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းမှပါ စစ်ကူအင်အား ဖြည့်တင်းကာ ရွေးကောက်ပွဲအမီ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကော်မရှင်သည် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်ရန် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် ထိုးဖောက်နိုင်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိကအားထားနေရသည်ဟု ဆိုသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဒုတိယပိုင်း ရွေးကောက်ပွဲကို စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ မော်လိုက်၊ ဟုမ္မလင်းနှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ကျင်းပရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ကသာစစ်ဘေးရှောင်များ