ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းကိုယ်ကိုယ် မြန်မာနိုင်ငံ၏ ယာယီသမ္မတအဖြစ် ခံယူကာ အကျိုးစီးပွားဖက် နိုင်ငံအချို့က ပေးပို့လာသော လွတ်လပ်ရေးနေ့ သဝဏ် လွှာများကို ၎င်းတို့၏ ဝါဒဖြန့် သတင်းစာနှင့် ရုပ်သံများမှတစ်ဆင့် ဂုဏ်ယူဖွယ်ရာ ဖော်ပြလျက်ရှိသည်။

ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာများ ပေးပို့လာသည့် နိုင်ငံများမှာ လာအို၊ ကမ္ဘောဒီးယား၊ နီပေါနှင့် ရုရှားအပါအဝင် ဆိုဗီယက်ပြည်ထောင်စု ဝင်ဟောင်း နိုင်ငံအချို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံများထဲတွင် ဘယ်လာရုစ်၊ ဥဇဘက် ကစ္စတန်၊ ကာဇက်စတန်တို့ ပါဝင်သလို လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ် တာဝန်ယူထားသူ၏ ပေးပို့မှုကိုလည်း ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် အခြားသော ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဝဏ်လွှာပေးပို့မှုများကိုမူ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များတွင် တွေ့ရှိရခြင်းမရှိပေ။

စစ်ကော်မရှင်ထံ သဝဏ်လွှာပေးပို့သည့် နိုင်ငံအချို့သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုအား အားပေးကူညီ ထောက်ခံနေသည့် အကျိုးစီးပွားဖက် နိုင်ငံများဖြစ်သလို ပြည်သူလူထုအား အကြမ်းဖက် နှိမ်နင်းရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းနှင့် နည်းပညာများကို ရောင်းချပေးနေသည့် နိုင်ငံများလည်း ဖြစ်သည်။

အခြားတစ်ဖက်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန်၊ လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်နှင့် မတရားဖမ်းဆီး ခံထားရသူများကို ပြန်လွှတ်ပေးရန် စစ်ကော်မရှင်ကို တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် ငြိမ်းချမ်းသော၊ တရားမျှ တသော၊ သာယာဝပြောသော အနာဂတ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆက်လက်ကူညီ သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လွတ်လပ်ရေးနေ့ သဝဏ်လွှာ တွင် ထည့်သွင်းပြောကြားထားသည်။

ဓာတ်ပုံ – MOI