ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်တွင် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ပိုက်ဆက်ဖလန်းပြားများနှင့် ဆက်စပ်ပစ္စည်းများကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

တကောင်းရပ်ကွက်ရှိ အဆိုပါစစ်ဆေးရေးဂိတ်တွင် ရွှေသတ္တုတူးဖော်ရေး၌ အသုံးပြုသည့် ၆ လက်မ သံပိုက်ဆက် ဖလန်းပြား (Flange) ၁၆ ခု အပါအဝင် ဆက်စပ်ပစ္စည်း ၈ မျိုး (စုစုပေါင်းတန်ဖိုး ကျပ် ၅,၀၄၀,၀၀၀ ခန့်) ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာဒေသများတွင် ရွှေတူးဖော်ရေး လုပ်ငန်းများ ရှိနေပြီး အဆိုပါလုပ်ငန်းသုံးပစ္စည်းများကို သယ်ယူလာခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“အဲဒီဂိတ်က အရမ်းစစ်တာ။ တစ်ခါတလေ ဖြတ်သန်းခွင့် ပိတ်လိုက်၊ ဖွင့်လိုက်နဲ့။ အချို့ပစ္စည်းတွေ ကျတော့ ခိုးဝှက်သယ်ရတာမျိုး ရှိတယ်။ နယ်မြေထဲမှာ ရွှေတူးတာတွေရှိတော့ လုပ်ငန်းသုံးပစ္စည်း တွေက အမြဲလိုနေတာ” ဟု မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေသည့် ကုန်ကားမောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ် ပအဖ၊ ပကဖ အဖွဲ့များနှင့် မန္တ လေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တို့ ထိန်းချုပ်ထားသည့် နယ်မြေ များအတွင်း ရွှေလုပ်ကွက်များ ရှိနေကြောင်း သိရသည်။

 

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာ အဆိုပါဒေသများတွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာနေသဖြင့် စနစ်တကျ တူးဖော်ရန် လိုအပ်လျက် ရှိကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့များရှိရာ ဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အတွက် လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများကို တရားမဝင်ဟု အကြောင်းပြကာ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – လူမှုကွန်ရက်