ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဇန်နဝါရီ ၄ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးပြီး နှစ်ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေးသတင်းမြစ်ထံမှ သိရသည်။

 

ဖလမ်းမြို့အနောက်မြောက် Khuangli ကျေးရွာအနီးသို ရောက်ရှိလာသော စစ်ကော်မရှင် စစ်ကြောင်းနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“သိုင်းငင်းရွာမှာ နေရာယူထားတဲ့ တပ်စခန်းက တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖလမ်းအနောက်မြောက် ဖလမ်း-သိုင်းငင်း လမ်းမှာ ထိတွေ့မှုဖြစ်တာပါ။ စစ်ကောင်စီတပ် ဘက်က ထိနာများပြီး စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ပါဘူး”ဟု ရှေ့တန်းစစ်ရေးသတင်းရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ပြီး နှစ်ဦးအရှင်ဖမ်းဆီးရမိကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကော်မရှင်ထံမှ MA-4 ၁ လက်၊ MA-1 ၃လက်၊ MA- 2 ၂ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ RPG ၁ လက်၊ ငါးကျဉ်းမြီး ၁လက်၊ ကျည်ဘောက် ၂၈ ခု၊ အီနာဂါ ၄ ခု နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းပြည်အစိုးရ (CC) နှင့် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဖလမ်းမြို့နယ် Khuangli ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း စစ်ကော်မရှင် စစ်ကြောင်းနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးကာ လေး ​ဦးကို အရှင် ဖမ်းဆီးရမိခဲ့သည်။