ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယာယီသမ္မတအမည်ခံ၍ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ၎င်းတို့၏ ဝါဒဖြန့်ချိရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း အပါအဝင် အနုပညာရှင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော စာပေပညာရှင် ကြီးများကို တန်းညှိ၍ ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့သည်။
စစ်အုပ်စု၏ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၆ အရ “စည်သူဘွဲ့” ရရှိသူ ၂၅ ဦးရှိသည်။ ယင်းစာရင်းတွင် စစ်အုပ်စု၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာကံဇော် တို့ပါဝင်ပြီး ကွယ်လွန်သွားပြီဖြစ်သည့် စာရေးဆရာ တက်တိုး၊ ထီလာစစ်သူ၊ ဒါရိုက်တာ ဦးသုခ၊ မောင်တင်ဦး၊ ဂီတလုလင် မောင်ကိုကို၊ ဆိုင်းပညာရှင် စိန်ဗိုလ်တင့်၊ စိန်စတင်း၊ သရုပ်ဆောင် ကြည်ကြည်ဌေးနှင့် ကျော်ဟိန်း တို့အပါအဝင် လက်ရှိအနုပညာရှင်များနှင့် တန်းညှိကာ ပေးအပ်ထားခြင်းဖြစ်သည်။

ထို့အပြင် စစ်အုပ်စုသည် ကွယ်လွန်သွားသည်မှာ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သော စာပေပညာရှင် ကြီးများအပါအဝင် အနုပညာရှင် ၅၂ ဦးကိုလည်း “အလင်္ကာကျော်စွာဘွဲ့” များ ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ရာတွင် စာပေလောက၌ ထင်ရှားပြီး ကွယ်လွန်သွားပြီဖြစ်သည့် ပီမိုးနင်း၊ သိပ္ပံမောင်ဝ၊ ဒဂုန်ရွှေမျှား၊ သိန်းဖေမြင့်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ လူထုဦးလှ၊ လူထုဒေါ်အမာ စသည့် စာပေပညာရှင် များ ပါဝင်နေသည်။
၎င်းတို့နှင့်အတူ ကွယ်လွန်သွားပြီဖြစ်သည့် နာမည်ကျော် အနုပညာရှင်များဖြစ်သော ရွှေဘ၊ ကျော်ဆွေ၊ ဦးကျောက်လုံး နှင့် လက်ရှိအနုပညာရှင်များဖြစ်သည့် စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ လွင်မိုး စသူ တို့ကိုလည်း အဆိုပါဘွဲ့စာရင်းတွင် ထည့်သွင်းထားသည်။
စစ်ခေါင်းဆောင်သည် သေဆုံးသွားသည့် ပညာရှင်ကြီးများ၏ အရှိန်အဝါကို အသုံးချ၍ ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်မှုရှိစေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုသည်။
အထူးသဖြင့် စစ်အုပ်စုနှင့် နီးစပ်ကာ ဝါဒဖြန့်ချိရေးတွင် ပါဝင်နေသူများနှင့် ပြည်သူချစ်သည့် ပညာရှင်ကြီးများကို တစ်တန်းတည်းထား၍ ဘွဲ့ပေးခြင်းမှာ သမိုင်းကို ပုံဖျက်ခြင်းသာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။