ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၄ ရက်)

 

သကြားက ချိုမြိန်ပေမဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းမှာတော့ အလွန်ခါးသီးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အရင်းရှင်စနစ် (Capitalism) နဲ့ ကျွန်စနစ် (Slavery) ထွန်းကားလာမှုမှာ သကြားဟာ အဓိက အခန်း ကဏ္ဍက ပါဝင်ခဲ့လို့ပါ။

 

🟥သကြားရဲ့ခါးသီးတဲ့သမိုင်းကြောင်း

 

ကြံပင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈,၀၀၀ ခန့်က နယူးဂီနီ (New Guinea) ကျွန်းမှာ စတင်တွေ့ရှိခဲ့ပြီး အိန္ဒိယကို ရောက်ရှိလာပါတယ်။ ခရစ်သက္ကရာဇ် ၃၅၀ ခန့်မှာ အိန္ဒိယလူမျိုးတွေက ကြံရည်ကို သကြား ခဲချက်တဲ့ အတတ် ပညာကို စတင်တွေ့ရှိခဲ့ကြတာပါ။ အာရပ်ကုန်သည်တွေကတစ်ဆင့် အရှေ့ အလယ်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသတွေကို ရောက်ရှိလာတဲ့အခါမှာတော့ သကြားဟာ အလွန်ရှားပါးပြီး ဈေးကြီးလွန်းလို့ “အဖြူရောင်ရွှေ” (White Gold) လို့တောင် တင်စားခဲ့ကြပါတယ်။

 

ကမ္ဘာ့ကျွန်စနစ်ရဲ့ အမှောင်မိုက်ဆုံး အဖြစ်ဆိုးတွေဟာ ဒီအဖိုးတန် “သကြား” ကြောင့် ဖြစ်ခဲ့ရတယ် လို့တောင် ဆိုနိုင်ပါတယ်။ ဥရောပတိုက်သားတွေ အမေရိကတိုက်မှာ ကြံစိုက်ခင်းကြီးတွေ တည်ထောင် တဲ့အခါ ပင်ပန်းတဲ့အလုပ်ကြမ်းတွေအတွက် အာဖရိကလူမည်း ၁၂ သန်းကျော်ကို ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခဲ့ပါတယ်။ ကျွန်သန်းပေါင်းများစွာဟာ ကြံစိုက်ခင်းတွေထဲမှာပဲ အသက်ပျောက်ခဲ့ ကြရပါတယ်။

 

သကြားဟာ ခေတ်သစ် အရင်းရှင်စီးပွားရေးစနစ် ဖြစ်ပေါ်လာဖို့ အဓိက အခြေခံဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမဆုံးသော စက်မှုလုပ်ငန်းတွေကို ဆန်းစစ်ရင် သကြားစက်တွေက လမ်းစဖြစ်ခဲ့တာပါ။ စက်မှုတော်လှန်ရေး ကာလရောက်မှသာ သကြားဟာ အလုပ်သမားတွေအတွက် ဈေးသက်သာတဲ့ စွမ်းအင်ဖြည့်အစားအစာ ဖြစ်လာခဲ့ပါတယ်။ “သကြားက ချိုသလောက်၊ သူ့ရဲ့သမိုင်းက ခါးသီးတယ်” လို့ ဆိုရမှာပါ။

 

🟥သကြားက ခန္ဓာကိုယ်ထဲမှာ ဘာတွေလုပ်သလဲ

 

သကြား (အထူးသဖြင့် Glucose) က ခန္ဓာကိုယ်ရဲ့ အဓိက လောင်စာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ နေ့စဉ်စားနေတဲ့ ထမင်း၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူး စတဲ့ ကစီဓာတ် (Carbohydrates) မှန်သမျှကို ခန္ဓာကိုယ်က အစာခြေဖျက်ပြီး သကြားအဖြစ် ပြောင်းလဲစုပ်ယူပါတယ်။ ဒါကြောင့် သကြားကို ဖြတ်ပြီး ကစီဓာတ်တွေ အလွန်အမင်း စားနေတာက အဓိပ္ပာယ်မရှိပါဘူး။

 

ကျွန်တော်တို့ စားလိုက်တဲ့ ကစီဓာတ်တွေကို အင်ဇိုင်း (Enzymes) တွေက ဖြိုခွဲလိုက်တဲ့အခါ ဂလူးကို့စ် (Glucose)၊ ဖရုတို့စ် (Fructose) နဲ့ ဂလက်တို့စ် (Galactose) ဆိုတဲ့ ရိုးရှင်းတဲ့ သကြားဓာတ်တွေ ဖြစ်သွားပါတယ်။ ဒီဓာတ်တွေ သွေးထဲရောက်တဲ့အခါ ပန်ကရိယကနေ အင်ဆူလင် (Insulin) ဟော်မုန်း ထွက်လာပြီး ဆဲလ်တွေဆီ ပို့ဆောင်ပေးပါတယ်။

 

ပိုလျှံနေတဲ့ သကြားတွေကိုတော့ အသည်းနဲ့ ကြွက်သားတွေမှာ Glycogen အဖြစ် သိုလှောင်ပါတယ်။ သိုလှောင်ရုံ ပြည့်သွားတဲ့အခါမှာတော့ ပိုလျှံသမျှ သကြားတွေကို “အဆီ” (Triglycerides) အဖြစ် ပြောင်းလဲသိမ်းဆည်းလိုက်ပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အချက်ပါပဲ။

🟥သတိပြုရမယ့် ဖရုတို့စ် (Fructose)

 

သစ်သီးတွေနဲ့ အချိုရည်တွေမှာပါတဲ့ ဖရုတို့စ်ကတော့ ဂလူးကို့စ်နဲ့ မတူပါဘူး။ သူ့ကို အသည်းကပဲ ခြေဖျက်နိုင်တာကြောင့် အလွန်အကျွံ စားသုံးရင် အသည်းအဆီဖုံးခြင်း (Fatty Liver) ကို တိုက်ရိုက် ဖြစ်စေနိုင်ပါတယ်။

 

🟥သကြားဖြတ်ခြင်းနှင့် ကျန်းမာရေး

 

အချိုရည်၊ မုန့်များ၊ ကော်ဖီထဲထည့်တဲ့ “ဖြည့်စွက်သကြား” တွေကို ဖြတ်တောက်တာက ကျန်းမာရေး အတွက် အလွန်ကောင်းပါတယ်။ သကြားဖြတ်လိုက်ရင် စွမ်းအင် ပိုမိုတည်ငြိမ်လာမယ်၊ ကိုယ်အလေး ချိန် ကျလာမယ်၊ အသားအရေ ကြည်လင်လာပြီး ဆီးချို၊ နှလုံးနဲ့ အသည်းအဆီဖုံး ရောဂါဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

 

ဒါပေမဲ့ သဘာဝသကြား (Natural Sugar) ပါတဲ့ အသီးအနှံနဲ့ နွားနို့ကိုတော့ လုံးဝ မဖြတ်သင့်ပါဘူး။ ဦးနှောက် အလုပ်လုပ်ဖို့ ဂလူးကို့စ်ဓာတ်က မဖြစ်မနေ လိုအပ်လို့ပါ။ သကြားဖြတ်ခါစမှာ ခေါင်းကိုက်တာ၊ နုံးတာ၊ စိတ်မကြည်တာတွေ ယာယီဖြစ်နိုင်ပေမဲ့ ဒါဟာ ခန္ဓာကိုယ်က သကြားအစား အဆီကို စွမ်းအင်အဖြစ် ပြောင်းလဲသုံးစွဲဖို့ ပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖြစ်လို့ မစိုးရိမ်ပါနဲ့။

 

ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းက လုံးဝမစားဘဲ နေတာထက် “စနစ်တကျ ရွေးချယ်စားသုံးခြင်း” ဖြစ်ပါတယ်။

 

ဒါကြောင့် ချိုရည်နဲ့ အသင့်စားမုန့်တွေကို တတ်နိုင်သမျှ ရှောင်ပါ။အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားပေးပါ။ဆန်လုံးညို၊ ဂျုံကြမ်း၊ အာလူး စတာတွေကနေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်ကို ရယူပါ။

 

သကြားကို လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ “အသင့်အတင့် စားသုံးခြင်း” ကသာ အကောင်းဆုံးပါ။

 

နောက်တစ်ပတ်မှာတော့ “တံတွေးနှင့် ကျန်းမာရေး” ဆိုတဲ့ ဆောင်းပါးနဲ့ ပြန်လာခဲ့ပါမယ်။ ဧရာဝတီတိုင်းမ် ပရိသတ်များလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။။