‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၄ရက်

‎တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်ဗျူဟာကုန်းနှင့် လမ်းပိုင်းကို စစ်ကော်မရှင်က ခဲယမ်းနှင့် ဗုံးသီးများ ပေးပို့ရန်ပြင်ဆင်နေကြောင်း သိရသည်။

‎ယမန်နေ့ ဇန်နဝါရီ ၃ရက်နေ့က စစ်ကော်မရှင်၏ ခဲယမ်းနှင့် ဗုံးသီးအပြည့် တင်ဆောင်လာသည့် စစ်ယာဉ်နှစ်စီး ဆုံကုန်အမြောက်တပ် မစခ ၉၀၅နှင့် အမတ ၃၇၅အတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

‎”တိုက်ပွဲတွေက ရပ်မသွားဘူး။ စစ်တပ်ဘက်ကလည်း စစ်ကူဆက်တိုက်ပို့နေတယ်။ ဒီဇင်ဘာ လထဲမှာ လမ်းဟောင်းက အကန့်အသတ်နဲ့ သွားလို့ရတဲ့အနေအထားမှာ စစ်တပ်က အခွင့်အရေးရတုန်း စစ်ကူတွန်းပို့တာပေါ့” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း စစ်ကူအင်အား အပြည့်ပါ စစ်ယာဉ်တန်း ငါးစီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ အတွင်းတွင် စုစည်းထားကြောင်း သိရသည်။

‎နတ်ရေကန်ဗျူဟာသို့သွားသည့် လမ်းဟောင်းတွင်တိုက်ပွဲများရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဇီကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

‎စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း အင်အားအလုံးအရင်းသုံးကာ နတ်ရေကန်ဗျူဟာကို စစ်ကူနှင့် ရိက္ခာ၊ ခဲယမ်းများပို့ဆောင် လမ်းဖောက်လာပြီးနောက် ‌AAအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ဂုတ်ကြီး၊ ပဇီစသည့် ကျေးရွာများအနီးတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်လာခြင်း ဖြစ်သည်။

‎လမ်းဟောင်း၊ လမ်းသစ်နှစ်သွယ်မှနေ၍ နယ်မြေ စိုးမိုးမှုပြန်လည်ရယူပြီး ထောက်ပို့လမ်းကြောင်းဖွင့်ရန်ကြိုးပမ်းလာသည့် စစ်ကော်မရှင်တပ်များမှာ AA၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိကြောင်း သိရသည်။