‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၄ရက်

‎ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် လေးခုထက်မနည်းတွင် စစ်ကော်မရှင်နှင့် AAအပါအဝင်ဒေသတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်မှ အထိနာနေကြောင်း သိရသည်။

‎တပ်သားလိုအပ်ချက်ကြောင့် စစ်ကော်မရှင်က ရက်တိုသင်တန်းပေးထားသည့် စစ်မှုထမ်းတပ်သားသစ်များကို တိုက်ပွဲဖြစ်ပွားရာ သာပေါင်းလေး၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူနှင့် ပုသိမ်မြို့နယ်များသို့ ပို့ဆောင်နေကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

‎”ပုသိမ်မှာတော့ နေ့တိုင်း လေယာဉ်တွေတက်‌တယ်။ မနက်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း အရှေ့ဘက်ကို တက်သွားတယ်။ လေးမျက်နှာနဲ့ သာပေါင်းဘက်တော့ တိုက်ပွဲကြမ်းတယ်ကြားနေရပါတယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရှေ့တန်းစစ်မျက်နှာများတွင်အထိနာနေသည့် စစ်ကော်မရှင်က ဒဏ်ရာအပြင်းအထန်ရလာသည့် တပ်သားများကို ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၄သို့ ပို့ဆောင်နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်းတွင် စစ်မျက်နှာပြင်၌ ဒဏ်ရာရလာသည့် စစ်မှုထမ်းတပ်သား ၁၇ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် မဆရ ၄သို့ပို့ဆောင်ထားကြောင်း မိသားစုဝင်များကို အကြောင်းကြားသည်ဟု သိရသည်။

‎အဆိုပါတပ်ဖွဲ့ဝင်များမှာ ပုသိမ် နတခ ရွှေမြင်တင် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှဖြစ်ပြီး မဆရ ၄ သို့ရောက်ရှိလာခြင်းမရှိဘဲ ၎င်းတို့မှာ ခြေထောက်ဖြတ်ရမည့်သူများအပါအဝင် အရေးပေါ်ဆေးဝါးကုသပေးရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။

‎လတ်တလောတွင် ‌ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့၌ တိုက်ပွဲများပြင်းထန်နေကာ ရှေ့တန်းစစ်မျက်နှာပြင်ကို စစ်မှုထမ်းတပ်သားသစ်များအား ကျည်ကာမပေးဘဲ တက်ခိုင်းသဖြင့် အသေအပျောက်များကာ အလောင်းပင်မကောက်နိုင်သည့် နေရာများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။