‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၄ရက်

ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဉ်အတွင်း စစ်ကော်မရှင်က ခမရ-၃၀၉ တပ်ရင်းထံသို့ MI-17 ရဟတ်ယာဉ်ဖြင့် စစ်ကူ၊ ဆေးဝါးနှင့် ခဲယမ်းများ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ထုတ်သွားကြောင်း သိရသည်။

စစ်ကော်မရှင်သည် တိုက်ပွဲခေတ္တငြိမ်သက်နေသည့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့်ခဲရာခဲဆစ် ဆင်းသက်ကာ လိုအပ်နေသည့် စစ်ကူနှင့် ထောက်ပို့ပစ္စည်းများကို ခမရ-၃၀၉ ဝင်းအတွင်းသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

‎”ရဟတ်ယာဉ်မှူးက ခဲရာခဲဆစ်ရအောင် ဆင်းသက်ပြီး လိုအပ်နေတဲ့ဆေးဝါးတွေနဲ့ စစ်ကူတွေချပြီး လူနာတွေကို ပြန်ခေါ်ထုတ်သွားတယ်” ဟု စစ်တပ်ထောက်ခံသူတချို့က ည၎င်းတို့၏ တယ်လီဂရမ်မှ တစ်ဆင့် ရေးသားဖြန့်ဝေထားသည်။

ထိုသို့ ထောက်ပို့ရဟတ်ယာဉ် ပျံသန်းလာချိန်တွင် စစ်ကော်မရှင်က တိုက်လေယာဉ်များဖြင့်ပါ ကင်းပတ်ခြောက်လှန့် ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး ကသာမြို့အတွင်းသို့ ဂျက်ဖိုက်တာနှင့် Y-12 ယာဉ်များ အသုံးပြုကာ တစ်နေ့လျှင် အကြိမ် ၂၀ ခန့် ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြို့၏ ထက်ဝက်ကျော်ကို စီးနင်းထားသည့် တော်လှန်ရေးတပ်ဖွဲ့များသည် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မူလတပ်စွဲထားသည့် တပ်ဦးကျောင်းမှ ခေတ္တဆုတ်ခွာထားရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ကသာမြို့အတွင်း၌ အင်းတော်နှင့် ဗန်းမောက်မှ တပ်ပျက်ထွက်ပြေးလာသူများ အပါအဝင် စစ်ကော်မရှင်အင်အား ၃၀၀ မှ ၅၀၀ ခန့် ခြေကုတ်ယူထားပြီး နည်းဗျူဟာမှူးအဆင့်ရှိသူတစ်ဦးက ကွပ်ကဲနေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ခမရ-၃၀၉ မှ ဒုတပ်ရင်းမှူးတစ်ဦး KIA ၏ ဒရုန်းဗုံးထိမှန်ကာ သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကော်မရှင်သည် ခမရ-၃၀၉ အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးကာ မြို့မကျရေးအတွက် အပြင်းအထန် ခုခံလျက်ရှိသည်။