ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

မန္တလေးဒေသအတွင်းရှိ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် ဒေသအချို့တို့ကို စစ်ကော်မရှင်က သာလွန်အင်အားသုံးကာ ပြန် လည် တိုက်ခိုက်သိမ်းယူသွားသည့်အပေါ် ဒေသခံများ အပါအဝင် ပြည်သူလူထုကို တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်၏ အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါ နယ်မြေများကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများ အပါအဝင် ပြည်သူလူထု အပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်ဟု MDY-PDF က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မဟာမိတ်တပ်များ ဟန်ချက်ညီဆင်နွှဲသည့် ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ၂၀၂၄ နှစ်လယ်ပိုင်းမှာ စဉ့်ကူးမြို့နယ်လုံးကျွတ် အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းနှင့် သပိတ်ကျင်းမြို့နယ် ဒေသအချို့၊ မန္တလေး – သပိတ်ကျင်း ကားလမ်းတို့ကို MDY-PDF ဦးဆောင်သည့် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါနယ်မြေများကို တော်လှန်ရေးတပ်များက တစ်နှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းတွင် နယ်မြေများကို ပြန်လည်လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

MDY -PDF က ယင်းနယ်မြေများမှ ယာယီဆုတ်ခွါပေးထားခြင်းဖြစ်ပြီး နယ်မြေများ ပြန်ရရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်းဆိုသည်။

“ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီနောင် တော်လှန်ရေး လအင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲကာ ပြန်လည် သိမ်းပိုက်နိုင်ရေး အပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကို ပြည်သူလူထုထံ သို့ လေးနက်ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်”ဟု ဖော်ပြထားသည်။

စစ်ကော်မရှင်အနေဖြင့် စစ်ရှုံးနယ်မြေများ ပြန်ရရေးအတွက် ၂၀၂၄ ဩဂုတ်လကုန်ပိုင်းမှ စတင်ပြီး မြေ ပြင်၊ ဝေဟင်၊ ရေပြင်(ဧရာဝတီမြစ်ကြောင်း)တို့မှ နည်းလမ်းမျိုးစုံသုံးကာ တန်ပြန်ထိုးစစ်များ အပြင်းအထန် ဖော်ဆောင်ခဲ့သည့်အတွက် MDY-PDF အနေ ဖြင့် ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် လက် တွဲကာ အချိန် ၁၈ လကျော်(တစ်နှစ်ခွဲ)တိုင် မဆုတ်တမ်းခံစစ်အနေဖြင့် ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။

ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် ယင်းစိုးမိုးထိန်းချုပ်နယ်မြေများကို ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားတိုက် ပွဲဝင်ခဲ့ကြသော်လည်း စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ စစ်အုပ်စု၏ အဖက်ဖက်မှသာလွန်အင်အားနှင့် တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်များ အနားမရဘဲ စစ်ပန်းလာမှုနှင့် တိုက်ပွဲဝင် လူအင်အားနှင့် လက် နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုများကြောင့် ခွါစစ်ဆင်ကာ ယာယီအားဖြင့် ဆုတ်ခွါပေးခဲ့ရခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက် ပြေးနေရသည့် ပြည်သူများကို အန္တရာယ်ကင်းစွာ ရွှေ့ ပြောင်းနိုင်ရေး ပံ့ပိုးကူညီခဲ့ပြီး ဆက်လက်ပြီးလည်း ပြည်သူလူထုကို တတ်နိုင်သမျှ ကူညီပံ့ပိုးမည်ဟုလည်း MDY-PDF က ဆိုသည်။