ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
အမေရိကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ပေါင်း များစွာ အာဏာရယူထားသည့် အာဏာရှင်သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ စနေနေ့ အစောပိုင်းတွင် ကြေညာလိုက်သည်။
သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “အမေရိကန် ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံနှင့် ခေါင်းဆောင် မာဒူရိုအပေါ် အကြီးစားစစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ မာဒူရိုနှင့်ဇနီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီ ဖြစ်သည်” ဟု ရေးသားခဲ့သည်။
အမေရိကန် ထိပ်တန်းအထူးတပ်ဖွဲ့များသည် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသို့ အတည်ပြုပြောကြားသည်။ ယခုလုပ်ရပ်သည် ၁၉၈၉ ခုနှစ်က ပနားမားစစ်ခေါင်းဆောင် နိုရီဂါကို ဖြုတ်ချရန် ဝင်ရောက်ကျူးကျော်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အမေရိကန်၏ အကြီးမားဆုံး တိုက်ရိုက် စစ်ရေးစွက်ဖက်မှု ဖြစ်လာသည်။
မာဒူရို ဖမ်းဆီးခံရသည့် သတင်းနှင့် ပတ်သက်၍ ဗင်နီဇွဲလားအစိုးရဘက်က တစ်စုံတစ်ရာ အတည် ပြုခြင်း မရှိသေးသော်လည်း ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနို ကမူ ပြည်သူများအနေဖြင့် ကျူးကျော်သူများကို ခုခံကြရန် ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် တိုက်တွန်းထားသည်။
“ဒီနေ့မှာ ကျွန်တော်တို့ဟာ ကိုယ့်ပိုင်နက်ကို ကာကွယ်ဖို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ကြရမယ်။ ပြည်သူတွေ ညီညွတ်ကြပါ၊ အဲဒီညီညွတ်မှုကနေတစ်ဆင့် ခုခံအောင်ပွဲဆင်နိုင်မယ့် အင်အား ကို ရှာဖွေကြရမယ်” ဟု ၎င်းက ဆိုသည်။
ဗင်နီဇွဲလားမြို့တော် ကာရာကတ်အတွင်း စနေနေ့ နံနက်အစောပိုင်း ၂ နာရီခန့်မှစတင်ကာ မိနစ် ၉၀ ခန့်ကြာအောင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အရေးကြီးသည့် စစ်အခြေစိုက်စခန်းများဖြစ်သော ဖျူတီ ယူးနား နှင့် လာကာလိုတာ တို့အနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမေရိကန်သည် မာဒူရိုကို မူးယစ်ဆေးဝါး ကုန်သွယ်မှုဖြင့် စွပ်စွဲထားသလို၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ရွေး ကောက်ပွဲတွင်လည်း မဲလိမ်ကာ အာဏာရယူထားသည်ဟု ပြစ်တင်ထားသည်။ မာဒူရိုကမူ ဝါရှင်တန်သည် ကမ္ဘာ့အကြီးဆုံး ဗင်နီဇွဲလား၏ ရေနံသယံဇာတများကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
လက်ရှိတွင် ဗင်နီဇွဲလား၏ မဟာမိတ်နိုင်ငံများဖြစ်သော ကျူးဘားနှင့် အီရန်တို့က အမေရိကန်၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ယခုကျူးကျော်မှုကို တားဆီးရန် တိုက်တွန်းထားသည်။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာရီယာကိုရီနာမာချာဒို ကမူ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
သမ္မတထရမ့်သည် ယနေ့ နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်ခန့်) တွင် ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago (မာအာလာဂို ) အပန်းဖြေစခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသေးစိတ် ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ကိုးကား-ရိုက်တာ
Ref; Trump says Venezuela’s Maduro captured after strikes