ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ် အပါအဝင် နေရာအတော် များများကို ယနေ့ စနေနေ့ အစောပိုင်းတွင် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးနှင့် ဗင်နီဇွဲလားအစိုးရက အတည်ပြုသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို အာဏာစွန့်ရန် လပေါင်းများစွာ သတိပေးခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။
မာဒူရိုအစိုးရက ယခုတိုက်ခိုက်မှုသည် “အလွန်ပြင်းထန်သော စစ်ရေးကျူးကျော်မှု” အဖြစ် ပြစ်တင် ရှုတ်ချလိုက်ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားစုစည်းရန် ညွှန်ကြားထားသည်။

မျက်မြင်သက်သေများနှင့် လူမှုကွန်ရက်ပေါ်ရှိ ရုပ်သံဖိုင်များအရ စနေနေ့ နံနက်အစောပိုင်း ၂ နာရီခန့်မှစတင်ကာ မိနစ် ၉၀ ခန့်ကြာသည်အထိ မြို့တော်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မီးခိုးလုံး ကြီးများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလား မြို့တော် ကာရာကတ်အပြင် မီရန်ဒါ၊ အာရာဂွါနှင့် လာဂွါအီရာ ပြည်နယ်များရှိ စစ်ဘက်နှင့် အရပ်ဘက်နယ်မြေများကို အမေရိကန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလား အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မာဒူရိုအနေဖြင့် အာဏာစွန့်လွတ်ခြင်းသည်သာ “လိမ္မာပါးနပ်သော လုပ်ရပ်” ဖြစ်လိမ့်မည်ဟု ပြီးခဲ့သည့် တနင်္လာနေ့က ထပ်မံသတိပေးခဲ့သည်။ အမေရိကန်၊ ဗင်နီဇွဲလား အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မာဒူရိုသည် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲတွင် မဲလိမ်ကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားသည်ဟု စွပ်စွဲထားသည်။
မာဒူရိုသည် ဗင်နီဇွဲလားနိုင်ငံကို ၂၀၁၃ ခုနှစ်ကတည်းက အုပ်ချုပ်လာသူဖြစ်ပြီး လက်ရှိတွင် အမေရိကန်၏ ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။
ဗင်နီဇွဲလားအစိုးရကမူ ယခုတိုက်ခိုက်မှုသည် အမေရိကန်က ၎င်းတို့နိုင်ငံ၏ ရေနံနှင့် သယံဇာတများကို အဓမ္မသိမ်းယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ယခုဖြစ်စဉ်သည် အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ကုန်းမြေပေါ်သို့ ပထမဆုံးအကြိမ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ ပင်တဂွန် စစ်ဌာနချုပ် က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
ကိုးကား-ရိုက်တာ
Ref;US strikes Venezuela after Trump’s threats against Maduro