ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ စစ်ဘေးရှောင်များကို စစ်ကော်မရှင်က ပြုလုပ်သည့် တစ်ဖက်သပ် ရွေးကောက် ပွဲတွင် ပါဝင်မဲထည့်ပြီးမှသာ ထောက်ပံ့ကြေးငွေနှင့် ရိက္ခာများ ထုတ်ပေးနေကြောင်း ပုသိမ်မြို့ခံများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့်အခြားဒေသများမှ ပုသိမ်မြို့သို့ စစ်ဘေးရှောင်လာသူ အများအပြား ရှိနေပြီးအကူ အညီပေးရာတွင် ၎င်းတို့၏ အမည်စာရင်းမပါဝင်ဟုဆိုကာ ယခင်က ငြင်းပယ်ခဲ့ သော်လည်း ယခုရွေး ကောက်ပွဲတွင် မဲပေးရန်အတွက်မူ အမည်စာရင်းများ ထည့်သွင်းထားပြီး မဲပေးပြီးမှသာ ထောက်ပံ့ကြေး ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

 

“အရင်တစ်ခါ ပုသိမ်မှာ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေး ပေးသေးတယ်။ အဲဒီတုန်းက စာရင်းမပါ လို့ဆိုပြီး မရခဲ့ဘူး။ မဲပေးဖို့ကျတော့ နာမည်စာရင်းက ပါနေတယ်။ မဲထည့်ပြီးတော့မှ ခြောက်သောင်းနဲ့ ဆန်တစ်ပြည်၊ ဆီတစ်ပိဿာ ထောက်ပံ့တာ ရတော့တယ်” ဟု ပုသိမ်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ပုသိမ်မြို့သို့ ရောက်ရှိနေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်သော်လည်း ထောက် ပံ့ကြေး ရရှိသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်ကြောင်း အဆိုပါ အမျိုးသမီးထံမှ သိရသည်။

 

စစ်ကော်မရှင်လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ရန် ထောက်ပံ့ငွေကျပ် ၁၂,၄၅၉ ဒသမ ၄၂၈ သန်းကို တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံ လွှဲပြောင်း ပေးထားကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ စစ်ဘေး ရှောင်များကို ကျပ်သန်းပေါင်း ၁,၃၉၁ ဒသမ ၂၈၀ ပေးအပ်ပြီးဖြစ်သည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ ယခုကဲ့သို့ မဲပေးရန် အကျပ်ကိုင်ပြီးမှသာ ထောက်ပံ့ကြေး ပေးအပ်ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ စစ်ကော်မရှင်