နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ရရှိလာသည့် ကြိုတင်မဲများကို ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ လုပ်‌ဆောင်ခဲ့သည်ဟု ဆိုသော်လည်း ကြံ့ခိုင်ရေးမှလွဲ၍ ကျန်ပါတီများက လက်မခံကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကြိုတင်မဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းများနှင့် ပတ်သက်၍ စစ်ကော်မရှင် လက်အောက်ခံ UEC က ယမန့် ဇန်နဝါရီ ၂ ရက်၌ ထုတ်ပြန်လာသည်။

ထိုထုတ်ပြန်ချက်အရ UEC အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်မဲများနှင့် ပတ်သက်၍ ၎င်းတို့၏ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စသည်တို့ ဖိတ်ကြား၍ လုပ်‌ဆောင်ခဲ့သည်ဟုဆိုသည်။

၎င်းတို့အနေဖြင့် ယင်းသို့ လုပ်‌ဆောင်ရာတွင်လည်း ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်မှုရှိပြီး ကြိုတင်မဲစာရင်းများအား သက်ဆိုင်ရာ UEC အဖွဲ့ခွဲရုံးများ၌ အများပြည်သူ သိရှိနိုင်ရန် အသိပေး ကပ်ထားကြေညာခဲ့သည်ဟု ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

သို့သော် အဆိုပါကြိုတင်မဲများသည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု မရှိသလို ရေတွက်ချိန်တွင်လည်း စစ်ကော်မရှင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီကိုသာ အသိပေးပါဝင် လုပ်ဆောင်သဖြင့် ဝေဖန်ထောက်ပြ လက်မခံကြောင်း ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများက ဆိုသည်။

ယင်းအနက်မှ SNDP၊ PP၊ PPP၊ MFDP ပါတီတို့အပြင် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ကရင်ပြည်သူ့ပါတီ (KPP)အပါအဝင် ပါတီငယ်အများစုက ကြိုတင်မဲကိစ္စအား မီဒီယာများမှတဆင့် ပြောဆိုလာခြင်းဖြစ်သည်။

ထို့အပြင် ဘီဘီစီ သတင်းဌာန၏ ဖော်ပြချက်အရ ကြိုတင်မဲများကိစ္စနှင့် ပတ်သက်၍ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူပါတီ (SNDP)၊ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)နှင့် MFDP ပါတီတို့က စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားထားကြောင်း သိရသည်။

အာဏာသိမ်း၍ နိုင်ငံ့ခေါင်းဆောင်များနှင့် NLD အပါအဝင် အတိုက်အခံ ပါတီများကို ဖမ်းဆီးဖျက်သိမ်းပြီး ပြုလုပ်သည့် လူထုလက်မခံသော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ၎င်းတို့ အသိအမှတ်ပြု နိုင်ငံရေးပါတီ ၇၅ ပါတီ ဝင်ပြိုင်ကြသည်။

နိုင်ငံတဝန်းအနေဖြင့် ကြံ့ခိုင်ရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ကျားဖြူ (ခေါ်) ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)တို့ ဝင်ပြိုင်ကြောင်း သိရသည်။