ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

မကြာမီက ပြုလုပ်ခဲ့သည့် စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း (၁)အတွက် အနိုင်ရကိုယ်စားလှယ် အမည်စာရင်း အချို့ကို ယမန်နေ့ ဇန်နဝါရီ ၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ရာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ အများဆုံး အနိုင်ရရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်အတွက် နေပြည်တော်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ ရှမ်းတို့မှ အနိုင်ရ ကိုယ်စားလှယ်အမည်စာရင်းနှင့် အမျိုးသားလွှတ်တော်အတွက် အနိုင်ရ တစ်ဦးတို့၏ အမည်စာရင်းများကို စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက်မူ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးနှင့် ရှမ်းတို့မှ အနိုင်ရ ကိုယ်စား လှယ်စာရင်းများပါဝင်ပြီး အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနိုင်ရ တစ်နေရာမှလွဲ၍ စစ်ကော်မရှင်လက်ဝေခံ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိကြောင်း ထုတ်ပြန်လာသည့် စာရင်းများ အရသိရသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အတွက်မူ ‘ဝ’အမျိုးသားပါတီ၊ ရှမ်းပြည်နယ် ပြည်သူ့ လွှတ်တော် အတွက် ကျားဖြူပါတီ နှင့် မွန်ပြည်နယ် ပြည်သူ့လွှတ်တော်အတွက် မွန်ညီညွတ်ရေးပါတီ တို့ကသာ တစ်နေရာစီ အနိုင်ရခဲ့ပြီး ကျန်အနိုင်ရသူများမှာ ကြံ့ခိုင်ရေးပါတီမှ ဖြစ်သည်။

နိုင်ငံတကာနှင့်ပြည်သူအများစုက စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်၍ လက်မခံဆန့်ကျင်‌နေသော်လည်း ရွေးကောက်ပွဲ အပိုင်း (၁) ကို ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ မြို့နယ် များတွင် ပြုလုပ်ခဲ့ပြီး လာရောက်မဲပေးသူ နည်းပါးကြောင်း မြေပြင်သတင်းအချက်အလက်များ အရ သိရသည်။

ဓာတ်ပုံ -MOI