ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
တရုတ်ရဲ့ ထိုင်ဝမ်ကျွန်းဝန်းကျင် စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း မလိုအပ်ဘဲ တင်းမာမှု တွေ မြင့်တက်စေခဲ့တယ်လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်မှာ ပြောကြားခဲ့ ပြီး စစ်ရေးဖိအားပေးမှု ရပ်ဆိုင်းဖို့ တရုတ်ကို တောင်းဆိုလိုက်ပါတယ်။
“တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဒေသတွင်း ထိုင်ဝမ်နဲ့ အခြားနိုင်ငံတွေကို ရန်လိုမှုတွေဟာ မလိုအပ်ဘဲ တင်းမာမှုတွေ မြင့်တက်စေပါတယ်။ စိတ်ရှည်သည်းခံဖို့၊ ထိုင်ဝမ်ကို စစ်ရေးဖိအားပေးတာ ရပ်ဆိုင်းဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ တရုတ်ကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တွမ်မီပစ်ဂေါ့က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ဖို့ဟုဆိုကာ တရုတ်နိုင်ငံက ဒီဇင်ဘာလ ၂၉ နဲ့ ၃၀ ရက်မှာ ဒုံးကျည်တွေ ပစ်လွှတ်ကာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်ရေယာဉ်တွေ စေလွှတ်ခဲ့ပါ တယ်။
“အမေရိကန်နိုင်ငံက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထောက်ခံပြီး အင် အားသုံးတာ အပါအဝင် တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ပါတယ်” လို့ ပစ်ဂေါ့က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို မစိုးရိမ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ဒီဇင်ဘာလ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုပြီးနောက် တရုတ်က ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကာကွယ်ရေးအတွက် ဆယ်စုနှစ်ချီ ကတိပြုခဲ့ပေမယ့် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာပါက အမေရိကန်စစ်တပ် ကြားဝင် မဝင်ကို ရှင်းလင်းစွာ မပြောကြားခဲ့ပေ။
ကိုးကား – APF
Ref; China military drills near Taiwan ‘unnecessarily’ raise tensions: US