နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ပြုလုပ်သွားသော တိုက်ပွဲများ ရပ်တန့်၍ ငြိမ်း‌ချမ်းရေး ဆွေးနွေးရန် တောင်းဆိုသည့် မြန်မာအဖွဲ့ကို ဂျပန်ရောက် မြန်မာနိုင်ငံသားအများစု မသိရှိကြသလို ၎င်းတို့၏ ပြောဆိုမှုများသည် အာဏာသိမ်း စစ်ကော်မရှင် အလိုကျသာ ဖော်ပြဖြစ်နေကြောင်း ဝေဖန်ထောက်ပြသည်။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ Hands Of Peace – ငြိမ်းချမ်းရေးကမ်းလက်များ အမည်ရအဖွဲ့က ယမန်နေ့ ဇန်နဝါရီ ၁ ရက်၌ ငြိမ်းချမ်းရေး တောင်းဆိုပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်နှင့် NUG ၊ EROs အပါအဝင် တော်လှန်ရေး အင်အားစုများအား ထိုသို့ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဒီမှာက သူ့လူကိုယ့်လူ ရောထွေးနေကြတယ်။ ပြီးတော့ သူတို့ တောင်းဆိုမှုကလည်း ကြားနေသလိုလိုနဲ့ အကြမ်းဖက် စစ်အုပ်စုအကြိုက် ဖြစ်နေတယ်။ နှစ်သစ်မို့လို့ ဆိုရအောင်လည်း ပြည်သူတွေ ဗုံးကြဲသတ်ဖြတ်ခံနေရတာ။ အရင်လိုတောင်းဆိုရမယ့် ကာလမျိုးမဟုတ်ဘူး” ဟု ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိုဆာကာမြို့သည် မြန်မာအရေးနှင့် ပတ်သက်၍ ယခင်ကာလများက လှုပ်ရှားမှုမရှိ၊ အဖွဲ့အစည်းများ မရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသလို အမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ တိမ်းရှောင်ရောက်ရှိလာသူများလည်း ရှိနေကြကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ Hands Of Peace အဖွဲ့ကမူ ဧရာဝတီတိုင်းမ် သတင်းဌာနသို့ ပေးပို့ပြောပြလာသည့် ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်ကော်မရှင်နှင့် NUG ၊ EROs အပါအဝင် တော်လှန်ရေး အင်အားစုများကို အချက် ငါးချက်စီ တောင်းဆိုထားပြီး နှစ်ဖက်အပစ်ခတ် ရပ်စဲကြရေး ဆောင်ရွက်ရန် ဖော်ပြထားသည်။

“ယနေ့ခေတ်အခြေအနေဟာ ပြည်သူ့အကျိုး တိုင်းပြည်အနာဂတ်ကို ရှေ့ရှူပြီး စစ်ပွဲတွေရပ်ဖို့ လိုနေပါပြီ။ လူငယ်တွေ ထပ်မသေစေချင်တော့ဘူး။ ပြည်သူတွေ ဒီထက်ပိုပြီး အိုးအိမ်စွန့်စွာ စစ်မရှောင်စေချင်တော့ဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေး တောင်းဆိုပွဲ ပြုလုပ်တာ” ဟု ထိုအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ပြည်သူများ၏ စိတ်ဆန္ဒကို ကိုယ်စားပြု၍ နှစ်ဖက်အဖွဲ့အစည်းများအကြားတွင် မည်သည့်အဖွဲ့အစည်းအတွက်မျှ အလေးသာစေရန် မဟုတ်ဘဲ ပြည်သူအများစု အသက်အိုးအိမ်စည်းစိမ်၊ အနာဂတ်ဘဝ လမ်းကြောင်းများအတွက် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရန် တောင်းဆိုထားသည်။

“တိုက်ပွဲတွေ ဘာကြောင့်ဖြစ်တာလဲ သိဖို့မြင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကို မလိုလားလို့ မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ မတရားခံ‌နေရတဲ့ ပြည်သူတွေကို စစ်အုပ်စုအလိုကျ တစ်ဖက်သတ် ကျွန်ဇာတ်သွင်းနေတာမျိုးလို့ မြင်မိတယ်၊ လက်ခံနိုင်စရာ မရှိပါဘူး” ဟု တိုကျိုမြို့နေ မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း အဆိုပါတောင်းဆိုမှုများနှင့် ပတ်သက်၍ “ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေးဦးတည်ချက် ခြောက်ချက်ကို ရတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားဖို့ပဲ ရှိပါတယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ- Hands Of Peace