ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက မြို့စောင့်တပ်ဖြစ်သည့် ခမရ-၃၀၉ ကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက်နေ့တို့တွင် စစ်ကော်မရှင်က စစ်ကူများကိုရဟတ်ယာဉ် နှစ်စင်းဖြင့် ကသာမြို့တွင်းသို့ ပေးပို့ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“လေကြောင်းက တောက်လျှောက်လာပစ်နေတာ။ ဒရုန်းတွေလည်း တောက်လျှောက်ဝဲနေတယ်။ စစ်ကူလေယာဉ်တွေမရောက်ခင် ဂျက်ဖိုက်တာတွေနဲ့ ရှေ့ပြေးလာတာ။ မြို့ထဲကလူတွေ အားလုံး ထွက်ပြေးနေကြပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်များမှာ ကသာမြို့အတွင်း ဝင်ရောက်လာပြီးနောက် ကသာထောင်အနီးရှိ ခမရ-၃၀၉ ကို ပိတ်ဆို့တိုက်ခိုက်နေသဖြင့် စစ်ကော်မရှင်တပ်များက လေကြောင်းမှနေ၍ ဗုံးအလုံးရေ အမြောက်အမြား ကြဲချပြီး အပြင်းအ ထန် ခုခံနေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များသည် ကသာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကာကင်းစခန်းကုန်းများနှင့် ကားကြီးကွင်းအတွင်းရှိ စစ်ကော်မရှင်စခန်းတို့ကို သိမ်းပိုက်ထားပြီး မြို့အနောက်ဘက်ရှိ စစ်တပ်အထိုင်ဂိတ်ကိုလည်း သိမ်း ပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။
တော်လှ
န်ရေးတပ်ဖွဲ့များသည် အဆိုပါဂိတ်စခန်းကို ထိန်း ချုပ်လိုက်ပြီးနောက် မြို့အတွင်း ပိတ်မိနေသူများသည် ယင်းဂိတ်မှတစ်ဆင့် ထွက်ခွာခွင့် ရရှိနေသည်။
ကသာမြို့သိမ်းတိုက်ပွဲမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။
ကသာထောင်ပွင့်သွားပြီဟူသော သတင်းများ ပျံ့နှံ့နေသော် လည်း ယခုအချိန်ထိ အတည် ပြုနိုင်ခြင်း မရှိသေးပေ။
ဓာတ်ပုံ-လူမှုကွန်ရက်