ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇန်နဝါရီ ၂ ရက်

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ လေး ကြိမ်အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်သား ၄၀ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း နေပြည်တော်PDF ထံက သိရသည်။

 

စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒိုးတန်းကျေးရွာရှိ အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကော်မရှင်အထိုင်စခန်းကို နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦးသေဆုံးခဲ့ပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ဒိုးတန်းကျေးရွာတိုက်ပွဲသို့ တင့်ကားများပါအသုံးပြု၍ စစ်ကူလာသည့် အင်အား ၇၀ ပါစစ်‌ကော်မရှင်စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော့ဆက်ဖြစ်နေတုန်းပဲ။ ဆက်ဖြစ်နေတုန်းဆိုတာ ကျွန်တော်တို့တွေစစ်ဆင်ရေးအရင်ဆုံးလုပ်ခဲ့တာပေါ့။ နေရာလေးနေရာလောက်စစ်‌ဆင်ရေးလုပ်ခဲ့တယ်။ အဲ့ဒီစစ်ဆင်ရေးလုပ်ပြီးတော့ စစ်ကော်မရှင်တပ်တွေကနေ အင်အားဖြည့်ပြီးတော့ စစ်ရေးအရဆို တိုက်ပွဲတွေဖြစ်နေတာခုချိန်ထိပဲပေါ့နော်” ဟု နေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဆက်လက်ပြီး အဆိုပါနေ့တွင်ပင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းခင်တန်းလေးကျေးရွာတွင် အထိုင်ချ၍ ဒေသခံများကို စစ်ဆေးမှုများ ပြုလုပ်နေသော စစ်ကော်မရှင်ဂိတ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာဖြစ်သည့် အိုးမြေဒူးကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ရာ အိုးမြေဒူးကျေးရွာကို သိမ်းနိုင်ခဲ့ပြီး စစ်ကော်မရှင်ဘက်မှလည်း ၂၀ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အိုးမြေဒူးစခန်းမှ ထွက်ပြေးလာသူများကို တော်လှန်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ သုံး ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး တိုက်ပွဲအတွင်း ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာန အမှတ်-၃၅၀၄ တပ်ရင်း၊ နေပြည်တော် ပကဖ၊ရေတာရှည်(ပကဖ)၊ သံတောင် မြောက်ပိုင်းအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး လက်ရှိတွင်လည်း ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား‌နေကြောင်း သိရသည်။

ဓာတ်ပုံ – Nay Pyi Taw PDF