ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ခုတည်းသော ကွပ်ကဲမှု (Unified Command) ကို ခိုင်မာစွာ တည်ထောင် နိုင်ခဲ့ပြီး စစ်ရေးအသုံးစရိတ်ကိုလည်း သိန်းပေါင်း ၃ သိန်း ၃ သောင်းကျော်အထိ တိုးမြှင့်ထောက်ပံ့ နိုင်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) သည် တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခုနှင့် တပ်ရင်းပေါင်း ၃၆၀ ရင်းကို စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိနိုင်ခဲ့ကာ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
#ရန်သူ့ပြုန်းတီးမှုနှင့်နယ်မြေစိုးမိုးမှု
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၇,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၉,၅၄၉ ဦး ပြုန်းတီးခဲ့ကြောင်း NUG က ဆိုသည်။ အဆိုပါ ပြုန်းတီးမှုစာရင်းတွင် သေဆုံးသူ ၅,၆၉၉ ဦး၊ ဒဏ်ရာရသူ ၂,၇၂၆ ဦးနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁,၁၂၄ ဦး ပါဝင်သည်။
နယ်မြေစိုးမိုးမှုအပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့ပြီး အခြားမြို့နယ် ၄၁ မြို့နယ်ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားဆဲဖြစ်သည်။ အထူးသဖြင့် မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
#စစ်စည်းကမ်းနှင့်တရားစီရင်ရေး
တော်လှန်ရေးတပ်ဖွဲ့များ၏ အရည်အသွေးကို မြှင့်တင်ရန် စစ်ဘက်တရားစီရင်ရေးကိုလည်း အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း PDF ရဲဘော်များ စစ်စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း ၂၅၅ မှုကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အမှုပေါင်း ၁၀၉ မှုကို စီရင်ချက်ချမှတ်နိုင်ခဲ့သည်။ ပြစ်မှုကျူးလွန်သူ ၈၃ ဦးကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခဲ့ပြီး စစ်ခုံရုံးနှင့် အကျဉ်းစစ်တရားရုံးများဖြင့်လည်း တရားစီရင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#ဘဏ္ဍာရေးနှင့်ရဲဘော်များအတွက်ခံစားခွင့်များ
NUG သည် တပ်ရင်းများအား ထောက်ပံ့မှုကို နှစ်စဉ်တိုးမြှင့်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် သိန်းပေါင်း ၃၃၆,၀၀၀ ကျော် (ကျပ် ၃၃.၆ ဘီလီယံခန့်) အထိ တိုးမြှင့်ပေးနိုင်ခဲ့သည်။ ထို့အပြင် ကျဆုံး၊ မသန်စွမ်းဖြစ်ခဲ့သည့် ရဲဘော်များအတွက် ဂုဏ်ပြုငွေနှင့် လစဉ်ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပြီး တော်လှန်ရေးအပြီး တွင် ရဲဘော်များနှင့် မိသားစုဝင်များ ရရှိခံစားရမည့် “အထူးအခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း” များကိုလည်း ဦးစားပေး ရေးဆွဲနေပြီ ဖြစ်သည်။
#စိန်ခေါ်မှုနှင့်ရှေ့လုပ်ငန်းစဉ်
တော်လှန်ရေးအင်အားစုများအနေဖြင့် ခဲယမ်းမီးကျောက် လိုအပ်ချက်နှင့် စစ်ရေးပြင်းထန်သည့် ဒေသများတွင် ရဲဘော်များ အနားမရသည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း ၂၀၂၆ ခုနှစ်တွင် အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (NDS) နှင့်အညီ မဟာဗျူဟာထိုးစစ်အဆင့်သို့ တက်လှမ်းကာ တစ်ပြည်လုံးလွတ်မြောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန က ကတိပြုထားသည်။
ဓာတ်ပုံ-NUG ကာကွယ်ရေးဝန်ကြီးဌာန