ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

 

မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ၅ ရက်အတွင်း အမြန်ထုတ်ပေးမည့် ဝန်ဆောင်မှုအသစ်ကို လာမည့် ဇန်နဝါရီလ ၅ ရက်တွင် စတင်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ကြေညာလိုက်ပြီး အမည်မည်း (Blacklist) စာရင်းဝင်သူများနှင့် နိုင်ငံသားစိစစ်ရန် လိုအပ်သူများ လာရောက် လျှောက်ထား ပါက သွင်းထားသည့်ငွေများ ဆုံးရှုံးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်။

 

နိုင်ငံကူးလက်မှတ် အမြန်ဝန်ဆောင်မှု (Express Service) ကို ဇန်နဝါရီ ၅ ရက်နေ့မှစတင်ကာ ရန်ကုန်၊ မန္တ လေးနှင့် နေပြည်တော်ရုံးများတွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမြန်ဝန်ဆောင်ခမှာ စာအုပ်ဖိုး အပါအဝင် စုစုပေါင်း ၅၄၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။

 

စစ်ကော်မရှင်က ၎င်းတို့၏ အမြန်ဝန်ဆောင်မှုသည် လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူး လက်မှတ် ရရှိမည်ဟု ဆိုသည်။

သို့သော် အမည်မည်းစာရင်း (Blacklist) တွင် ပါဝင်နေသူများ၊ ပြစ်မှုကျူးလွန်ထားပြီး စစ်ဆေးချက် မပြီးစီးသေးသူများ၊ ပြစ်ဒဏ်ကာလမပြီးမီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများ၊ ပြည်ပထွက်ခွာမှု တားဆီးခံရသူများနှင့် နိုင်ငံသားစိစစ်ရန် လိုအပ်သူများ၊ သက်ဆိုင်ရာဌာန ထောက်ခံ ချက်လိုအပ်သည့် ၎င်းတို့ Non-CDM ဝန်ထမ်းများ၊ NGO နှင့် ပုဂ္ဂလိကဝန်ထမ်းများ အနေဖြင့် ငွေအဆုံးအရှုံးမဖြစ်စေရန်အတွက် ရုံးများတွင် ကြိုတင်စုံစမ်းပြီးမှသာ လျှောက်ထားရန်ဟု ပါရှိသည်။

 

အကယ်၍ လာရောက်လျှောက်ထားပြီးမှ စစ်ဆေးတွေ့ရှိပါက ငွေပြန်အမ်းမည်မဟုတ်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားသည်

 

“ဒါကတော့ သိသိသာသာကို ခြိမ်းခြောက်တာပါ။ Blacklist ထဲမှာ ဘယ်သူတွေပါလဲဆိုတာကိုလည်း တိတိ ကျကျ မပြောဘဲနဲ့ ငါးသိန်းခွဲကို အရင်သွင်းခိုင်းတယ်။ နောက်မှ သူတို့စိတ်ကြိုက် စစ်ဆေးပြီး ငွေဖြတ်သိမ်းမယ်ဆိုတာက ပြည်သူတွေကို ငွေညှစ်သလို ခြိမ်းခြောက်တဲ့သဘောပဲ” ဟု ပြည်ပ အလုပ်အကိုင် အကျိုးဆောင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အရေးကြီး/အရေးပေါ်ကိစ္စဖြင့် ပြည်ပသို့ သွားရောက်လိုသူများအနေဖြင့် Online Booking တင်ရန် မလိုဘဲ လျှောက်ထားနိုင်သည်ဟု စစ်ကော်မရှင်က ဆိုသော်လည်း ပုံမှန်စာအုပ်တန်ဖိုး ၄၅,၀၀၀ ကျပ်ထက် ဆယ်ဆကျော် ပေးဆောင်ရမည်ဖြစ်သည်။

 

စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် Passport ကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းစားလာခြင်းဖြစ်သလို၊ တစ်ဖက်တွင်လည်း ဥပဒေ ကြောင်းအရ အရေးယူရန်ရှိသူများကို ဖမ်းဆီးနိုင်ရန်နှင့် ငွေကြေးအရ အကျပ်ကိုင်နိုင်ရန် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်