နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
တရုတ်နိုင်ငံက မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအပြင် ၎င်းတို့ တစ်ဖက်သတ်ပြုလုပ်သည့် ရွေးကောက်ပွဲအပေါ် ထောက်ခံကူညီနေသည့်အတွက် တရုတ်-ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ အပြည့်အဝ ရပ်တည်ကြောင်း စစ်ကော်မရှင်က ထပ်မံထုတ်ပြန် ပြောဆိုသည်။
ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက် နေစဉ် စစ်ကော်မရှင်က ၎င်းတို့၏ ဝါဒဖြန့်ချိ မီဒီယာများမှတစ်ဆင့် “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” ကို အစဉ်တစိုက် ထောက်ခံရပ်တည်ကြောင်း ဖော်ပြလာခြင်းဖြစ်သည်။
“ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ခွဲထွက်ရေးလှုပ်ရှားမှု တွေဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်ပြီး ၎င်းလှုပ်ရှားမှုတွေကို အသိအမှတ်မပြုပါဘူး” ဟု စစ်ကော်မရှင်က တရုတ်နိုင်ငံဘက်မှရပ်တည်၍ တုံ့ပြန်ပြောကြားထားသည်။
ထို့အပြင် ပဋိပက္ခဖြစ်ပွားမှုများကို မြင့်တက်စေမည့် မည်သည့်အားပေးမှုကိုမဆို ရှောင်ကြဉ်ရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းမိတ်ဆွေကောင်း၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံအဖြစ် အစဉ်အမြဲ ရပ်တည်သွားမည်ဟုလည်း ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ၎င်းတို့ ပြုလုပ်နေသည့် ရွေးကောက်ပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင်တို့အကြား သဘောတူညီမှု ရယူထားပြီး တရုတ်အထူးကိုယ်စားလှယ်ကလည်း အမြဲတမ်းကူညီပေးရန် အသင့်ရှိကြောင်း ပြောဆိုပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ထိုင်ဝမ်အရေး၌ တရုတ်ဘက်မှ အသည်းအသန် ရပ်တည်ပြလာခြင်း ဖြစ်သည်။
အလားတူ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာလျှင် စစ်ရေးအရ တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့သော ဂျပန်ဝန်ကြီးချုပ်သစ်၏ ပြောဆိုချက်အပေါ်တွင်လည်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံဘက်မှ ခိုင်မာစွာ ထောက်ခံကြောင်း ယခင်ကတည်းက ပြောဆိုခဲ့ဖူးသည်။
ထိုင်ဝမ်သမ္မတက တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများအပေါ် ၎င်းတို့၏ အချု ပ်အခြာအာဏာကို မမှိတ်မသုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ကတိပြု ပြောကြားထားသည်။