
ရေစကြိုမြို့နယ် စစ်ကောင်စီတပ်စွဲထားသော ဇီးတောစံပြကျေးရွာအား ရေစကြို(ပ.က.ဖ)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်
ဧရာဝတီတိုင်းမ်
(ရေစကြို)၊စက်တင်ဘာလ ၇ ရက်
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များ နှင့် ပျူစောထီးများတပ်စွဲထားသော ဇီးတောစံပြကျေးရွာအား ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ ၆ရက်နေ့ ည(၇)နာရီမှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရေစကြို(ပ•က•ဖ)
မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသအားစက်တင်ဘာလအတွင်း စစ်ကောင်စီတပ်များမှ စစ်ကြောင်း (၄) ကြောင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး စစ်ကောင်စီတပ်များနှင့်ပျူစောထီးများတပ်စွဲထားသော ဇီးတောစံပြကျေးရွာအား ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ ၆ရက်နေ့ ည(၇)နာရီမှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်နာရီခွဲကြာ ဝင်ရောက်
စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပ.က.ဖ)မှ သတင်းထုတ်ပြန်ထားသည်။
“ဇီးတောကျေးရွာက အရင်က အိမ်ခြေ ၂၆၅အိမ်ရှိတဲ့ စံပြကျေးရွာတစ်ရွာပါ ။ခုတော့ ဒေသခံရွာသားတွေ မရှိတော့ဘူး ။ စကစတပ်တွေနဲ့ ပျူစောထီးတွေတပ်စွဲထားတာ ။ မနေ့က ည ၇နာရီကစပြီး ကျနော်တို့ ဝင်တိုက်တာ ။တိုက်ပွဲက တစ်နာရီခွဲလောက်ကြာတယ် ။ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ် ” ဟု ရေစကြို (ပ.က
ဖ) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များနှင့်ပျူစောထီးများတပ်စွဲထားသော ဇီးတောစံပြကျေးရွာအား စီးနင်းတိုက်ခိုက်ပြီးနောက် ရေစကြို (ပ.က.ဖ)မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။
အဆိုပါ စီနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးအဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး သတင်းအတိအကျမသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
#ရေစကြို #စစ်ကောင်စီ #ဇီးတောစံပြကျေးရွာ #စီးနင်းတိုက်ခိုက်ခံရ
#Ayeyarwaddy_Times