
မြင်းမူမြို့နယ်အတွင်းက Elite ကားပျောက်တဲ့နေရာမှာ DENKO ဆီဘောက်ဆာကား ၁ စီးထပ်မံပျောက်ဆုံး
ဟိန်းစံ/ဧရာဝတီတိုင်းမ်
(မြင်းမူ)၊ စက်တင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း မန္တလေး-မုံရွာကားလမ်းမ ဂွေးပင်တောကျေးရွာအနီးမှာ စက်တင်ဘာလ ၆ ရက် မနေ့မနက်ပိုင်းက DENKO ဆီဘောက်ဆာကားတစီးပျောက်ဆုံးနေတယ်လို့ DENKO ဆီဆိုင်ဝန်ထမ်းအသိုင်း အဝိုင်းဆီကသိရပါတယ်။
ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းအနီးမှာ ဒန်ကိုစက်သုံးဆီဘောက်ဆာ ဂါလံ ၂၈၀၀ ဆန့် ၈ ဘီး ယာဉ်တစီး ပျောက်ဆုံးနေပြီး ဒီကနေ့အထိအဆက်အသွယ်မရသေးဘူးလို့ DENKO ဝန်ထမ်းတဦးက ပြောပါတယ်။
“ ပျောက်နေတာတော့ဟုတ်တယ်။ ခုထိရှာလို့မတွေ့သေးဘူး၊ ကားရယ် ယာဉ်မောင်းရယ်၊ ယာဉ် နောက်လိုက်ရယ် ပျောက်နေတာ။ ဘယ်လိုဖြစ်တာလည်းတော့အသေးစိတ်တော့မသိဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုသူ မန္တလေးတိုင်းအတွင်းက DENKO ဆီဆိုင်ဝန်ထမ်းတဦးက ဧရာဝတီ တိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ဆီဘောက်ဆာပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကို မေးမြန်းဖို့ ကြိုးစားနေပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာဘဲ အဲ့ဒီ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီးမှာဘဲ ရန်ကုန် – မုံရွာကို ပြေးဆွဲတဲ့ Elite Express ခရီးသည်တင်ယာဉ်နဲ့ ယာဉ်ဝန်ထမ်း၊ ခရီးသည်တွေ ပျောက်ဆုံးခဲ့ပါသေးတယ်။
အဲ့ဒီ Elite Express ယာဉ်ကိုတော့ မြင်းမူဒေသထဲက ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ကင်ပုန်းဝပ်ဖို့ ကြို၊ပို့လုပ်ပေးနေလို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ခရီးသည်တွေကိုပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာ၀တီတိုင်းမ်ကိုပြောဆိုထားပါတယ်။
Denko ဆီဆိုင်ဟာ ထိပ်တန်း ခရိုနီ သူဌေးတဦးဖြစ်တဲ့ ဧဒင် ဦးချစ်ခိုင်ပိုင်ဆိုင်တဲ့လုပ်ငန်းဖြစ်ပြီး စစ်ကောင်စီနဲ့နီးစပ်ပြီး စစ်ကောင်စီကိုထောက်ပံ့နေတဲ့ လုပ်ငန်းစုဖြစ်တယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ထွက်ပေါ်နေပြီး ဆီဆိုင်တချို့လည်းတိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
#Ayeyarwaddy_Times