ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်မှ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ထိခိုက်သေဆုံးသူ ၆၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၅ ဦးရှိကြောင်း သိရသည်။
စစ်ကော်မရှင်တပ်မှ ၂၀၂၅ ခုနှစ်တစ်နှစ်တာအတွင်း ဧရာဝတီတိုင်း၊ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၆၉ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၅ ဦးရှိကြောင်းနှင့် နေအိမ်မီးလောင်ပျက်စီးမှု ၁၆၇ ခုရှိကြောင်း AYA PDF အမှတ် (၂၉) ဗျူဟာမှ ထုတ်ပြန်သည်။
ထို့အပြင် စစ်ကော်မရှင်တပ်မှ ၂၀၂၅ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တစ်လအတွင်း၌ ရေကြည်၊ လေးမျက်နှာ နှင့် အင်္ဂပူမြို့နယ်တို့ကို လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ဦးရှိကြောင်း သိရသည်။
စစ်ရေးတွင် ရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူနှင့် နေအိမ်အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ နေ့စဉ်စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။
ထို့ကြောင့် စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများကို တာဝန်ခံရမည်ဖြစ်ပြီး ၎င်းတို့ လုပ်ရပ်အတွက် အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမည်ဟု AYA PDF ဗျူဟာ ၂၉ မှ ထုတ်ပြန်ထား သည်။
ဓာတ်ပုံ-AYA PDF အမှတ် (၂၉) ဗျူဟာ