ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇန်နဝါရီ ၁ ရက်
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တစ်နေရာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ငါးဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်တစ်နေရာတွင် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲကို ဆန္ဒထုတ်ဖော်နေသည့် နေရာသို့ အင်အား ၄၀ ဝန်းကျင်ဖြင့်ထိုးလာသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ ဆေးဗိုလ်တစ်ဦးနှင့် အခြားအဆင့်တပ်သား သုံးဦးသေဆုံးကြောင်း သိရသည်။

“လက်ရှိမိထားတဲ့ငါးယောက်ထဲမှာ နှစ်ယောက်ကတော့ဒဏ်ရာရထားတယ်ပေါ့နော် ကျန်တဲ့သုံးယောက်ကတော့ကောင်းကောင်းမွန်မွန်ပါပဲ ကျန်တဲ့ ဒဏ်ရာရတဲ့နှစ်ယောက်ကိုတော့ သေချာဆေးကုပေးထားတယ်။ ငါးယောက်စလုံးကိုကောင်းကောင်းစောင့်ရှောက်ပေးထားတယ်” ဟု ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုငိးမ်ကို ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ငယ် ၁၂ လက်၊ ခဲယမ်းများ၊ လက်ပစ်ဗုံး၊ စကားပြောစက်များနှင့် အခြားစစ်သုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၇၀၁ တပ်ရင်း၊ တပ်ခွဲ-၃ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အမှတ်-၂ စစ်ဆင်ရေးနယ်မြေ