ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်းစစ်ကော်မရှင်တပ်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေရာ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက်များအထိ တိုက်ပွဲများ ရောက်ရှိလာကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှ စတင်ခဲ့သော အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာ ၂၉ ရက်၌ ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်း သိရသည်။

“မြို့တွင်းက အဓိက တပ်စွဲထားတဲ့နေရာတွေမှာ စစ်သားတွေ မရှိတော့ဘူး။ မြို့ပြင်က ဂိတ်တချို့မှာပဲ ရှိတော့တယ်။ ကျန်တဲ့သူတွေကတော့ တပ်ရင်းဌာနတွေဘက်မှာ သွားပူးပေါင်းပြီး ခံစစ်ပြင်နေကြတယ်လို့ သိရတယ်” ဟု ကသာမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကော်မရှင်၏ ခမရ ၃၀၉ တပ်ရင်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေပြီး၊ ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် ၅၀ ခန့်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာနေသော စစ်ကော်မရှင်သည် တပ်မ (၇၇) နှင့် ရှမ်းနီတပ် (SNA) တို့ အခြေစိုက်သည့် ကသာမြို့ပေါ်သို့ လေကြောင်းမှတစ်ဆင့် တစ်နေ့လျှင် ခြောက် ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ကာ ခုခံနေသည်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ စစ်တပ်ဘက်ကတော့ အတော်လေး အထိနာနေတာ မှန်ပါတယ်။ မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိနေတော့ သူတို့လုံခြုံရေးအတွက် စိုးရိမ်ရတယ်” ဟု မြေပြင်ထောက်ပို့ရဲဘော်တစ်ဦးက ဆိုသည်။

ကသာမြို့တွင်း၌ ပိတ်မိနေသော ပြည်သူအများအပြား ရှိနေပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လိုသူများကိုလည်း စစ်ကော်မရှင်၏ အချို့သော စစ်ဆေးရေးဂိတ်များက ပိတ်ပင်တားမြစ်မှုများ ရှိနေကြောင်း သိရသည်။