နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်သော တစ်ဖက်သပ် ရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲလာပေးသူ အလွန် နည်းပါးသော်လည်း ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများထက်ပင် သာလွန်ကာ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် အားရဂုဏ်ယူကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြွားလုံးထုတ် ပြောဆိုလိုက်သည်။

အာဏာသိမ်းစစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပရန်ပြင်ဆင်နေပြီး ပြီးခဲ့သော ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်၌ အပိုင်း (၁) အား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်၏ တစ်ဖက်သပ်ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းလာသည်ဟုဆိုကာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတောင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းမကျော်တဲ့ အခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက် အားရဂုဏ်ယူဖွယ်ဖြစ်ပြီး အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ထိုရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲပေးနိုင်သူ ၁၁ သန်းကျော် (၁၁,၆၉၂,၁၄၄ ဦး) ရှိပြီး လာရောက်မဲပေးသူ ၆ သန်းကျော် (၆,၀၉၅,၅၁၁ ဦး) ရှိသဖြင့် မဲပေးသည့် ရာခိုင်နှုန်းမှာ ၅၂ ဒဿမ ၁၃ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။ သို့သော် အဆိုပါ ကိန်းဂဏန်းများ သည် မြေပြင်တွင် မဲရုံများ၌ လူသူကင်းမဲ့နေသည့် အခြေ အနေများနှင့် များစွာကွဲလွဲနေကြောင်း တွေ့ရှိရသည်။

စစ်ကော်မရှင်သည် အဆိုပါ မဲဆန္ဒရှင်စာရင်းကို နိုင်ငံတဝန်း စစ်မီးတောက်နေချိန်တွင် ကောက်ယူထားသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ခန့်မှန်းလူဦးရေ ၁၉ သန်းကျော်အနက် ၁၁ သန်းကျော်ကို မဲစာရင်းသွင်းထားသော်လည်း မြေပြင်တွင် သေဆုံးသူများ၊ ပြောင်းရွှေ့တိမ်းရှောင်နေသူများ ပါဝင်နေသလို မဲစာရင်း၌ ရှိသင့်သူများ မပါဝင်ဘဲ လွဲမှားမှုများစွာ ရှိနေကြောင်း သိရသည်။

မြန်မာပြည်သူများနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အတုအယောင်အဖြစ်သက်မှတ်ထားသည့် စစ်ကော်မရှင်၏
ရွေးကောက်ပွဲတွင် ၎င်းတို့၏ဘက်တော်သားများနှင့် ခြိမ်းခြောက်ခံရသဖြင့် မဖြစ်မနေ လာရောက်မဲပေးရသူ အနည်းငယ်ကိုသာ မဲရုံများ၌ တွေ့မြင်ခဲ့ရသည်။

မဲလာပေးသူ နည်းပါးလွန်းသဖြင့် ကား၊ ဆိုင်ကယ်ဘေးတွဲများတွင် လော်စပီကာတပ်ကာ လိုက်လံခေါ်ယူခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက မဲပေးသူ ထက်ဝက်ကျော် နည်းပါးသွားကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထို့အပြင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် နယ်မြေမတည်ငြိမ်သဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အများအပြားတွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ပေ။ တစ်ဖက်တွင်လည်း အတိုက်အခံ နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းထားသဖြင့် ပါတီအနည်းငယ်သာ ပါဝင်သည့် အတုအယောင် ပြိုင်ပွဲတစ်ခုသာ ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

စစ်ကော်မရှင်၏ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ၎င်းတို့၏ ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ အခြေအနေနှင့် နှိုင်းယှဉ်ပြကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနေပြီး ပြည်သူလူထုကမူ “No Vote” လှုပ်ရှားမှုဖြင့် ဤရွေးကောက်ပွဲသည် တရားမဝင်ကြောင်း တုံ့ပြန်ပြသခဲ့ကြသည်။

ဓာတ်ပုံ – MOI