ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်အတွင်း၌ မြန်မာလုပ်သားများ လိုက်ပါလာသည့် ပစ်ကပ်ကားတစ်စီး တူးမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ခြောက် ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလှူသွားရန်အတွက် မြန်မာလုပ်သား ၁၃ ဦး လိုက်ပါလာသည့် ပစ်ကပ်ကားတစ်စီးသည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပထုံဌာနီခရိုင်အတွင်းရှိ တူးမြောင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုကြောင့် အမျိုးသား လေး ဦးနှင့် အမျိုးသမီး သုံး ဦး စုစုပေါင်း ခုနစ် ဦး ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့အနက် နှစ် ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ယာဉ်မောင်းဖြစ်သူမှာ လမ်းကြောင်းနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ လမ်းကွေ့တစ်ခုအရောက်တွင် ယာဉ်ကိုမထိန်းနိုင်တော့ဘဲ အတားအဆီးများကို ဝင်တိုက်ကာ တူးမြောင်းအတွင်း ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်သည့်နေရာတွင် ကနဦး၌ သေဆုံးသူရုပ်အလောင်း သုံး လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက်အစောပိုင်းတွင်မှ နစ်မြုပ်နေသည့် ယာဉ်နှင့်အတူ နောက်ထပ် ရုပ်အလောင်း သုံးလောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား – Khaosod English