နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်များ နေထိုင်ရုံးစိုက်ရာ နေပြည်တော်ရှိ မဲရုံအချို့တွင်သာ စောင့်ကြည့် ခွင့်ရခဲ့သော ရုရှား၊ တရုတ်အပါအဝင် အကျိုးစီးပွားဖက် မဟာမိတ်နိုင်ငံအချို့က စစ်ကော်မရှင် ၏ ရွေးကောက်ပွဲ အပိုင်း (၁) ကို ချီးကျူးပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲကို လေ့လာရန် ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီကာရာဂွါနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များ လာရောက်ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲစောင့်ကြည့်ရေး မှတ်ချက်ပေးပွဲတွင် ထိုသို့ ချီးကျူးခဲ့ကြခြင်းဖြစ်သည်။

သို့သော် အဆိုပါနိုင်ငံများသည် စစ်ကော်မရှင်နှင့် အကျိုးစီးပွားချင်း ဆက်နွယ်နေသည့် နိုင်ငံများဖြစ်ပြီး နေပြည်တော်တစ်ဝိုက်ကိုသာ ဟန်ပြကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သူများက ဆိုသည်။
“နေပြည်တော်တစ်ဝိုက်ပဲ ကြည့်ခဲ့ကြတာမို့ ဟန်ပြပါပဲ။ နိုင်ငံရေးအရ လာအားပေးတဲ့ သဘောမျိုး တွေ့ရတယ်။ တကယ်တမ်း လာရောက်စောင့်ကြည့်တာမျိုး မဟုတ်ဘူး” ဟု Spring Sprouts အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုထင်ကျော်အေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲအတွက် ပြည်တွင်းစောင့်ကြည့်မှုကို ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ဥပဒေဖြင့် တင်းကျပ်ကန့်သတ်ခဲ့ပြီး ဝေဖန်သူများကိုလည်း ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးမှုများ ရှိနေသဖြင့် လွတ်လပ်သော လေ့လာစောင့်ကြည့်မှုမျိုး မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကော်မရှင်က နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ ၂၀ ကို ဖိတ်ကြားခဲ့သော်လည်း အဆိုပါ ၈ နိုင်ငံသာ လာရောက်ခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲမှာ မဲပေးသူ သိသိသာသာ နည်းခဲ့တာ ထင်ရှားပါတယ်။ လုံခြုံရေး အလွန်တင်းကျပ် ခဲ့သလို မဲပေးစက်ပျက်တာတွေ၊ ကြိုတင်မဲနဲ့ မဲရေတွက်တာတွေမှာလည်း ပြဿနာတွေ ရှိနေတာ တွေ့ရပါတယ်” ဟု ကိုထင်ကျော်အေးက သုံးသပ်သည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လက်ခံခြင်းမရှိသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို မြို့ပေါ်ဒေသအချို့တွင်သာ အဓိကအားပြု လုပ်ဆောင်ခဲ့ရသည်။
ဓာတ်ပုံ-MOI