ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ ဒီဇင်ဘာ ၃၀ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့က ရွေးကောက်ပွဲအတွက် ကင်းလှည့်နေသည့် စစ်ကော်မရှင်စစ်ကြောင်း နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ကော်မရှင်လက်အောက်ခံ အင်အား ၃၅ ဦးပါ ပျူစောထီးစစ်ကြောင်းမှာ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အသင့်စောင့်ဆိုင်းနေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပျူစောထီးတပ်ဖွဲ့များမှာ ပေါင်းတည်မြို့နယ်အတွင်းရှိ ကြာနီကန်ကွက်သစ်စခန်း၊ ပျဉ်ပုံပျူစောထီးရွာများမှ ဖြစ်ပြီး အနီးတဝိုက်ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“သူတို့ကတော့ရွေးကောက်ပွဲကိုကာကင်းအနေနဲ့ပတ်နေတာ။ ဒါမဲ့ သူတို့မလာဘူးတဲ့ရွာကိုလာတယ် ကျွန်တော်တို့ကလည်း အနီးနားမှာရှိတဲ့အတွက် ချက်ခြင်းပိတ်ဆို့တိုက်ခိုက်လိုက်တာ။ အကုန်လုံးထွက်ပြေးတာပေါ့နော်။ အလောင်းတွေတော့မရဘူး။ ပစ္စည်းနည်းနည်းပါးပါးပဲ ရလိုက်တယ်။ ပြီးတော့သူတို့က အကာအကွယ်ကောင်းသွားတယ်ဘုန်းကြီးကျောင်း စာသင်ကျောင်းဆိုတော့” ဟု သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း ဒုတပ်ရင်းမှူးဦးညီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ အဆိုပါနေ့တွင်ပင် နတ်တလင်းမြို့နယ်၊တောင်ညိုကွက်သစ်ရဲစခန်းမှ ထွက်လာသည့် စစ်ကော်မရှင်ပူးပေါင်း ပျူစောထီးစစ်ကြောင်း နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ကွင်းကျယ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး သေနတ်တစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“စောစောကပဲဒရုန်းတွေလာချတယ် ပေါက်တုန်းကျေးရွာပေါ်ကို ဒရုန်းသီးလာချတယ်။ တောက်လျှောက်ပဲလက်နက်ကြီးတွေထုနေတယ်။ မနေ့ကလည်း ၁၂၀ မမတွေထုနေတယ် မြို့ထဲကလည်း လှမ်းထုတယ်။ နတ်တလင်းအရှေ့ဘက်ခြမ်းကို တော်တော်လေးကို လုပ်နေတဲ့သဘောပေါ့နော်။ ပါရာမော်တာတွေရော ဒရုန်းတွေရောနဲ့ အဆက်မပြတ်သုံးနေတယ်။ စစ်ရေးကတော့တင်းမာဆဲပဲရှိတယ်” ဟု ဦးညီက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၆ ဧရာညီနောင် စစ်ကြောင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့