နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်၏ အတု‌အယောင် ရွေးကောက်ပွဲ အပိုင်း ၁ တွင်ပါဝင်သည့် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မဲစာရင်းများ မှားယွင်းသည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲထက် မဲပေးနှုန်း ထက် ဝက်ကျော်နည်းပါးကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။

 

အဆိုပါရွေးကောက်ပွဲ အပိုင်း (၁)ကို ယမန်နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ပြုလုပ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၌ပင် ကြိုတင်မဲများမပါ ထိုနေ့တစ်နေ့တည်း မဲလာပေးသူ ၄၄၆၂၈ ဦးရှိဟု စစ်ကော်မရှင် လက်အောက်ခံ UEC က ဝါဒဖြန့် ပြည်တွင်းမီဒီယာတစ်ခုကို ထုတ်ဖော်ပြောဆိုသည်။

 

သို့သော် မဲပေးပိုင်ခွင့်ရှိသူ မည်မျှရှိသည်ကိုမူ ထုတ်ဖော်ပြောခြင်း မရှိသေးဘဲ မဲရုံ ၁၀၀ ရုံသာ ထားရှိသည်ဟု စစ်ကော်မရှင် UEC က ဆိုကာ လက်ရှိမဲလာပေးသူ အရေအတွက်သည်လည်း ယခင် ၂၀၂၀ ရွေးကောက်ပွဲ မဲလာပေးသူ ဦးရေထက် ထက်ဝက်ကျော် လျော့နည်းနေခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၀၉,၄၈၆ ဦး ရှိစဉ်က ယခင် ၂၀၂၀ ရွေးကောက်ပွဲ၌ ကိုဗစ်ကာလ ဖြစ်နေသော်လည်း မဲရုံပေါင်း ၁၃၉ ရုံ ထားရှိနိုင်ပြီး မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော်အနက် ကြိုတင်မဲများမပါ မဲလာပေးသူ တစ်သိန်းနီးပါးရှိကြောင်း သိရသည်။

 

“မဲရုံတွေမှာ မဲပေးသူမရှိ သူ့(စစ်တပ်ထောက်ခံနဲ့ ကြံ့ခိုင်ရေးပါတီဝင်)လူတွေဘဲ အများစု တွေ့ရတယ်။ မဲစာရင်းမှာလဲ သေသွားတဲ့ လူတွေရဲ့ နာမည်တွေ အများဆုံးပါနေတယ်။ ပြီးတော့ ပြောင်းရွှေ့မရှိတော့တဲ့ သူတွေလည်း ပါနေတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် လက်ရှိအသက်ရှင်၍ နေအိမ်၌ ရှိနေကြသူများ မပါဝင်ခြင်းများအပြင် စစ်ကော်မရှင်နှင့် လက်အောက်ခံများက မဲပေးရန် ဖိအားပေးခြင်းများ၊ ခြိမ်းခြောက်မှုများ သတင်းလွှင့် ပြောဆိုသောကြောင့် လူကြီးပိုင်းအပါအဝင် ကြောက်လန့်သူတချို့သာ မဲပေးခဲ့ကြသည်။

 

ယင်းအခြေအနေကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက် ၃၈ ရပ်ကွက်အနက်မှ ရပ်ကွက်အများစုတွင် အတည်ပြုနိုင်ခဲ့ပြီး ပြည်သူများ စိတ်မဝင်စား၍ မဲလာပေးသူ နည်းပါးနေသဖြင့် ကား၊ ဆိုင်ကယ်ဘေးတွဲတို့ဖြင့် လော်စပီကာများတပ်ကာ ရပ်ကွက်များအား လိုက်အော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မဲရုံများ ပိတ်သိမ်းချိန်၊ မဲရလာဒ်များ ရေတွက်ရာ၌လည်း ယခင် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများကဲ့သို့ ပြည်သူများ လာကြည့်ရှုမှု နည်းပါးသဖြင့် ရပ်ကွက်တချို့၏ မဲရုံများတွင် တာဝန်ကျ မဲရုံအဖွဲ့များမှာ တွေးကြောက်မှုများရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံက သိရသည်။

 

“မဲစာရင်းမှာ သေသူစာရင်းတွေ အများအပြား ပါနေတာရော၊ မဲပေးဖို့ရော ဘယ်သူမှ စိတ်မဝင်စားဘူး။ မဲပေးတာ နည်းတယ်။ အခုနေ့လည် ပြောသံကြားတာက ကြံ့ခိုင်ရေးပဲ နိုင်ဖို့များတယ်။ သူတို့လူလောက်ပဲ မဲပေးတာကိုး” ဟု င/က ရပ်ကွက်နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်က အတင်းအဓမ္မ အာဏာသိမ်းခဲ့ပြီးနောက် ၎င်းတို့ကောက်ယူထားသည့် ၂၀၂၄ သန်းခေါင်စာရင်းအရ သင်္ဃန်းကျွန်းမြို့နယ်၏ လူဦးရေမှာ ၂၂၁,၂၄၁ ဦး ရှိသည်ဟု ဆိုထားကာ ယခင်ထက် ပိုမိုများပြားနေသော်လည်း မဲလာပေးသူ ဦးရေသည် အလွန်နည်းပါး‌နေကြောင်း တွေ့ရသည်။

 

ယခင် ရွေးကောက်ပွဲများတွင် သင်္ဃန်းကျွန်းမြို့နယ်၌ လက်ရှိစစ်ခေါင်းဆောင်၏ အရပ်သား အကြံပေးအဖွဲ့ဝင် NNDP ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် NLD ပါတီတို့ကို ရှုံးနိမ့်ခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် ယခု ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲတွင်မူ မဲပေးသူ နည်းပါး၍ အသာရနေဟု သိရသည်။

 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း(၁) တွင် ရန်ကုန်တိုင်းမှ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင် စသည့်မြို့နယ် ၁၂ မြို့နယ် ပါဝင်‌သည်။

ဓာတ်ပုံ- လူမှုကွန်ရက်