ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဒီဇင်ဘာ ၂၉ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဖီရ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် လူနေအိမ် ၂၀ လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖလမ်းမြို့နှင့် ၁၄ မိုင်ခန့်အကွာရှိ အိမ်ခြေ ၃၀ ဝန်းကျင်ရှိသော အဆိုပါကျေးရွာကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နေအိမ် သုံးလုံးမီးလောင်ပြာကျသွားတယ်။ ပြီးတော့ တစ်လုံး က နေလို့မရအောင် ပျက်စီးယိုယွင်း သွားပါတယ်။ အိမ် ၁၆ လုံး ကတော့ အသီးသီးပျက်စီးကြပါတယ်။ တခြား ဘုရားကျောင်း ကလည်း တော်တော် လေးကို ပျက်စီး သွားတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက သီးဖီရ်ရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ ကြိုတင် တိမ်းရှောင်နေကြသဖြင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“သီးဖီရ်ရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းရောက်နေပြီး တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒီစစ်ကြောင်း တွေ ရှေ့တိုးနိုင်ဖို့ လမ်းရှင်းပေးတဲ့အနေနဲ့ လေကြောင်းကနေ ပစ်ကူပေးတာဖြစ်နိုင်တယ်” ဟု ရှေ့တန်းစစ်ရေးသတင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုရှိကြောင်း သိရသည်။
သီးဖီရ်ကျေးရွာသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုကို တစ်ကြိမ်ခံခဲ့ရဖူးပြီး လူနေအိမ်အချို့ ပျက်စီးခဲ့ဖူးသည်။ ထို့ပြင် ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ပင် ဖလမ်းမြို့နယ်အတွင်းရှိ Zathlir ကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးသီး သုံး လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-သီးဖီရ်ရွာ လေကြောင်းတိုက်ခိုက်မူ မြင်ကွင်း