ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ ဒီဇင်ဘာ ၂၉ ရက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကော်မရှင်က အင်အားအများအပြားဖြင့်အထိုင်ချထားသည့် ဖာပွန်ဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ကာ တဖန်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖာပွန်ဗျူဟာကို စစ်ကော်မရှင်လက်အောက်ခံ ဖာပွန်အခြေစိုက် ခမရ-၃၄၀ တပ်ရင်း၊ ခမရ-၃၄၁ တပ်ရင်း၊ တပ်မတော်ဆေးရုံ(တဆရ) ၂၁ တို့မှ အင်အားအများအပြားဖြင့် ပူးပေါင်းအထိုင်ချထားပြီး လက်ရှိတွင် ဗျူဟာကုန်းအနီးတဝိုက်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

“စကစရဲ့ ထိခိုက်ကျဆုံးမှုတွေကိုတော့ အတိအကျမသိရသေးပါဘူး။ ဖာပွန်ဗျူဟာ စခန်းကို တတ်သိမ်းဖို့ စစ်ဆင်ရေးလုပ်နေတာပါ။ လက်ရှိကတော့ဗျူဟာ အောက်ခြေစခန်းတွေကို စစ်ရေးဖော်ဆောင်နိုင်သေးတာပါ။ လက်နက်ကြီးတွေ လေယာဉ်ပစ်ကူတွေ ပစ်ခတ်အားများနေတာကြောင့် ထိုးစစ်ဆင်လိုက် ပြန်ဆုတ်လိုက် အနေအထားတော့ရှိနေပါတယ်” ဟု နဂါးနက်စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိတွေ့တိုက်ပွဲများကြောင့် စစ်ကော်မရှင်ဘက်မှ နေ့စဉ်နီးပါး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဗျူဟာစခန်းကုန်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီး ဖာပွန်ဗျူဟာသည် စစ်ကော်မရှင်ဘက်မှတစ်ခုတည်း ကျန်ရှိသည့် အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ထားသည်မှာလည်း တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်သည်။

ဖာပွန်မြို့နယ်ရှိ စခန်းသိမ်းတိုက်ပွဲများတွင် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်‌ကော်မရှင်၏ ဖာပွန်မြို့နယ်အခြေစိုက် ခလရ-၁၉ တပ်ရင်း၊ ခမရ-၄၃၄ တပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ် စစန-၆၄၂ တပ်ရင်း၊ မယ်ထော်၊ ဆင်စွယ်၊ တောင်သုံးလုံး၊ ကတိုင်တိ စသည့် တပ်စခန်း အများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဓာတ်ပုံ – ပေးပို့