“မဲပေးပြီး မှင်ပေနေတဲ့လက်ကို Viber ကနေ ဓာတ်ပုံရိုက်ပို့ခိုင်းတယ်၊ အဲဒီလောက်ထိ ဖိအားပေးတာ” (ရန်ကုန်မြို့၊ စစ်ကော်မရှင်လက်အောက်ခံရုံးမှ Non-CDM ဝန်ထမ်းတစ်ဦး)

မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများကို နည်းမျိုးစုံဖြင့် အကျပ်ကိုင်ကာ မဲရုံသို့ အရောက်ပို့ဆောင်ခဲ့သည်။

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် မဖြစ်မနေ မဲပေးခဲ့ရသည့် ရန်ကုန်မြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ ရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ Non-CDM ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့သည်။

🟥ဧရာဝတီတိုင်းမ် ။ ။ ဒီနေ့ မဲပေးခဲ့ရတဲ့ ခံစားချက်ကို အရင်ဆုံး ပြောပြပေးစေချင်ပါတယ်။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ မဲပေးရတာ အတုအယောင်ရွေးကောက်ပွဲလို့ သိသိလျက်နဲ့ မဲပေးရတာ ရှက်ပါတယ်။ ဖိအားပေးခံရလို့ မဲပေးရတဲ့အတွက်လည်း အရမ်းစိတ်ပျက်မိပါတယ်။

🟥ဧရာဝတီတိုင်းမ် ။ ။ မဲရုံက လူဦးရေအခြေအနေနဲ့ မြင်တွေ့ခဲ့ရတဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲ။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ လူဦးရေ သောင်းချီရှိတဲ့ ရပ်ကွက်ကြီးမှာ မဲပေးတဲ့သူက ၅၀၀ လောက်ပဲရှိတယ်။ ၅၀၀ ဆိုတာ များပေမယ့် ရပ်ကွက်နဲ့ယှဉ်လိုက်ရင် မဲပေးတဲ့သူ အလွန်နည်းတယ်လို့ ပြောရမှာပေါ့။ ဒါတောင် ကျွန်မတို့ရပ်ကွက်က တပ်နယ်မြေ။ မဲလာပေးတဲ့လူတွေက ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေကလို တက်ကြွမှုမရှိဘူး။ ဖိအားပေးလို့ ရောက်လာကြသူတွေများတယ်။ စိတ်တွေ တိုနေကြတော့ တန်းစီတဲ့နေရာမှာလည်း ရန်တွေဖြစ်ကြတယ်။ စိတ်ပျက်စရာကြီးပါ။

🟥ဧရာဝတီတိုင်းမ် ။ ။ အရင် ရွေးကောက်ပွဲတွေကော မဲပေးဖြစ်လား၊ အခု ၂၀၂၅ နဲ့ နှိုင်းယှဉ်ရင် ဘာတွေ ကွာခြားသွားလဲ။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ ၂၀၁၅ နဲ့ ၂၀၂၀ မှာ မဲပေးခဲ့ပါတယ်။ အဲဒီတုန်းက မနက် ၂ နာရီ လောက်ကတည်းက မဲရုံရှေ့မှာ လူတွေပြည့်နေပြီ။ ညနေ ၄ နာရီထိ မဲပေးမယ့်သူမပြတ်လို့ အချိန်တိုး ပေးရတာတွေတောင်ရှိတယ်။ မဲမပေးရမှာစိုးလို့ ငိုတဲ့သူကငို၊ ကြိုတင်မဲတွေလည်း ပျော်ပျော်ပါးပါး သွားပေးကြတာ။ ကိုယ်မဲပေးခဲ့ကြောင်း ဓာတ်ပုံတွေရိုက်တင်ပြီး ကြွားကြတယ်။ ပြည်သူရွေးချယ်တဲ့ အစိုးရအပေါ် မျှော်လင့်ချက်ရော ယုံကြည်ချက်ရော အပြည့်ရှိခဲ့ကြတာ။ အခု ၂၀၂၅ ရွေးကောက်ပွဲ ကတော့ တချို့မဲရုံတွေဆို ကျီးနဲ့ဖုတ်ဖုတ်ပါပဲ။

🟥ဧရာဝတီတိုင်းမ် ။ ။ Non-CDM ဝန်ထမ်းတွေကို မဲပေးဖို့ ဘယ်လိုတွေ အဓမ္မဖိအားပေးတာမျိုး ရှိခဲ့လဲ။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ အောက်တိုဘာ ၁၀ ရက်နေ့လောက်ကတည်းက မဲစာရင်းစစ်ဖို့ ရုံးနဲ့ ကျောင်းတွေမှာ ဒါဘာတွေခေါ်ပြီး ဖိအားပေးတယ်။ မဲစာရင်းစစ်တဲ့ အထောက်အထားတွေကိုလည်း ပြခိုင်းတယ်။ ဝန်ကြီးဌာနတွေဆီ ရုံးစာထွက်တာလည်း သိရတယ်။ ရုံးမှာဆို အပတ်စဉ် အစည်းအဝေး ခေါ်ပြီး မဲစာရင်းစစ်ဖို့ ကြိမ်းမောင်းတယ်။ ရပ်ကျေးရုံးက မဲစာရင်းတင်မကဘူး၊ မြို့နယ်ရွေးကော်ရုံး အထိ သွားစစ်ခိုင်းတာမျိုးအထိ အတင်းအကျပ် ဖိအားပေးခဲ့တာပါ။

🟥ဧရာဝတီတိုင်းမ် ။ ။ တကယ်လို့ ဖီဆန်ပြီး မဲမပေးဘဲ နေခဲ့ရင်ရော ဘာဖြစ်နိုင်လဲ။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ ဘာလုပ်မယ်ဆိုတာကို အတိအကျချပြတာမျိုးမဟုတ်ဘဲ အစည်း အဝေးတိုင်းမှာ မဲမပေးတဲ့သူတွေဟာ ရွေးကောက်ပွဲဥပဒေနဲ့ငြိတယ်၊ အလုပ်ပြုတ်နိုင်တယ်၊ ပင်စင်မရနိုင် ဘူး၊ ထောင်ချခံရနိုင်တယ်လို့ ပြောပြီး ခြိမ်းခြောက်တယ်။ ဒီနေ့ မဲသွားပေးတဲ့အခါမှာလည်း ထွက်လာတဲ့ မဲစာရင်းနံပါတ်ကို ဝန်ကြီးဌာနတွေနဲ့ ကိုယ့်ရုံးကို Viber ကနေတစ်ဆင့် ပို့ရတယ်။ မှင်ပေနေတဲ့လက်ကို ဓာတ်ပုံရိုက်ပြီး ပို့ခိုင်းတယ်။ အဲဒီလောက်ထိကို ဖိအားပေး မဲပေးခိုင်းထားတာပါ။

🟥ဧရာဝတီတိုင်းမ် ။ ။ ကိုယ့်သဘောအတိုင်း ဆုံးဖြတ်ခွင့်ရမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ မဲသွားမပေးချင်ဘူး။ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို အယုံအကြည် မရှိဘူး။ သူ့လူတွေနဲ့သူ လက်ဝါးရိုက်ပြီး ပြိုင်နေတာ။ ဘယ်သူ့ရွေးရွေး သူတို့လိုချင်တဲ့ပါတီကိုပဲ အနိုင်ရခွင့် ပေးလိုက်မှာပဲဥစ္စာ။ ကျွန်မတို့ဆန္ဒက ဘာအရေးကြီးလဲ။ မဲပေးခွင့်ကိုတောင် ထိန်းချုပ် ထားတာ ဒီရွေးကောက်ပွဲက စစ်မှန်နိုင်ပါ့မလား။ ခလုတ်နှိပ်လိုက်တယ်၊ ကျလာမယ့် မဲစာရွက်မှာ ဘယ်ပါတီပါသွားတယ်ဆိုတာ မဲပေးတဲ့သူကိုယ်တိုင် မမြင်ရဘူး။ ဘယ်မှာလဲ တရားမျှတမှု။

🟥ဧရာဝတီတိုင်းမ် ။ ။ အခု ၂၀၂၅ ရွေးကောက်ပွဲအပေါ် နောက်ဆုံး မှတ်ချက်ပြုပေးပါဦး။

Non-CDM ဝန်ထမ်းတစ်ဦး ။ ။ ရိုင်းရိုင်းပြောရရင် ဖာခေါင်းလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေးလိုပါပဲ။ ပါတီတွေရွေးချယ်တာကအစ သူတို့စိတ်ကြိုက် ကန့်သတ်ထားတာ။ ကိုယ်စားလှယ်လောင်းတွေကို ဖြုတ်လိုက်တပ်လိုက်နဲ့ နည်းမျိုးစုံ ကလိမ်ကျနေတာ။ မဲပေးမယ့်သူတွေကိုလည်း ထောင်ချမယ်၊ ဒဏ်ရိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ မဲရုံမှာလည်း မဲပေးသူထက် သူတို့လုံခြုံရေးနဲ့ အသွင်ယူ စောင့်ကြည့်သူတွေက ပိုများနေတာ။ ဘယ်လိုလုပ် တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။

🟥အခုလိုအခြေအနေမျိုးမှာ အင်တာဗျူး ဖြေကြားပေးတဲ့အတွက် ဧရာဝတီတိုင်းမ် အနေနဲ့ ကျေးဇူးတင်ပါတယ်။