ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဒီဇင်ဘာ ၂၈ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲ၌ မဲလာပေးသူ များပြားစေရန်အတွက် လက်သန်းမှင်စွန်းသူများကိုသာ စားအုန်းဆီရောင်းချပေးမည်ဟု အကျပ်ကိုင် လုပ်ဆောင်နေသော်လည်း မဲရုံများတွင် လာရောက်မဲပေးသူ အလွန်နည်းပါးနေကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တောင်ငူမြို့၌ အခြေခံလူတန်းစားများ အတွက် စားအုန်းဆီရောင်းချပေးခြင်းကို တစ်ပြိုင် တည်း ပြုလုပ်ခဲ့ပြီး ဆီဝယ်ယူလိုပါက မဲပေးပြီး ကြောင်း သက်သေအဖြစ် လက်သန်းမှင်စွန်းထားသည်ကို ပြသနိုင်မှသာ ရောင်းချပေးခြင်း ဖြစ်သည်။

“ကျွန်မက တောင်ငူမြို့ ရပ်ကွက် (၁၀) မှာ နေပါတယ်။ မဲမထည့်ခင်လေး စားအုန်းဆီ ရောင်းပေး တယ်ဆိုလို့ သွားတန်းစီတာ။ ဆီရောင်းပေးတဲ့သူက လက်သန်းမှင်စွန်းမှ ရောင်းပေးမယ်လို့ ပြောလို့ မဝယ်ရဘဲ ပြန်လှည့်ခဲ့ရတယ်” ဟု ရပ်ကွက် (၁၀) နေ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စားအုန်းဆီကို တစ်ပိဿာလျှင် ၁၀,၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး စစ်ကော်မရှင် သည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြည်သူများ မဲရုံသို့ မဖြစ်မနေလာစေရန်အတွက် စားဝတ် နေရေး အခက်အခဲကို အသုံးချ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

မဲပေးစေရန် ရည်ရွယ်၍ ထိုသို့လုပ်ဆောင်ခဲ့သော်လည်း တောင်ငူမြို့နယ်အတွင်းရှိ မဲရုံအများစုတွင် မဲလာပေးသူ အလွန်နည်းပါးနေပြီး မဲရုံစောင့်များနှင့် မဲရုံအဖွဲ့ဝင်များမှာ လူမလာသဖြင့် အိပ်ငိုက် နေရသည့် အထိ ခြောက် ကပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲတွင် မဲပေးသူများပြားကြောင်း ပြသနိုင်ရန်အတွက် စားအုန်းဆီကဲ့သို့ အခြေခံစားသောက်ကုန်များကို မဲပေးသူများကိုသာ ဦးစားပေးရောင်းချပေးခြင်း၊ အကျပ်ကိုင်ခြင်းများ ဖြင့် နည်းမျိုးစုံ အသုံးပြု၍ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။