ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
အာဏာသိမ်းစစ်ကော်မရှင်ကတာဝန်ယူကျင်းပသည့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်သည့်အတွက် ဧရာ၀တီတိုင်းမှ ၃ ဦးအပါအဝင် ပါတီဝင် ၉ ဦးကို ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီက ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်သန့်ရှင်း၍တရားမျှတသောရွေးကောက်ပွဲအဖြစ် ကမ္ဘာက အသိအမှတ် ပြုခဲ့ပြီး NLD ပါတီအနေဖြင့် မဲဆန္ဒနယ်အားလုံး၏ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း၊ ယင်းကို ၃။ မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်က ထိုစဥ်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်၍ နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီက ပြောသည်။
အာဏာလု စစ်ကော်မရှင်၏ နိုင်ငံရေးတရားဝင်မှုရရှိစေရန်ရည်ရွယ်၍ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်အားထုတ်နေမှုကို အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ပါတီမှ တားမြစ်ထားသည်ကို ချိုးဖောက်၍ ရွေးကောက်ပွဲဝင်ခြင်းနှင့် အားပေးကူညီခြင်းများပြုလုပ်သည့်အတွက် အဆိုပါ ပါတီဝင် ၉ ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NLD ပါတီမှ ထုတ်ပယ်ခံရသူ ၉ ဦးအနက် ဧရာ၀တီတိုင်းမှ ၃ ဦးပါဝင်သည်။ ၄င်းတို့မှာ ရေကြည်မြို့နယ် NLD ဥက္ကဌ ဦးဇော်မင်း၊ မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းနှင့် မအူပင်မြို့နယ်မှ ပါတီဝင် ဒေါ်ခင်မျိုးသက်တို့ဖြစ်ကြောင်း သိရသည်။
“ဦးဇော်မင်းက ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီကနေ ဝင်ပြိုင်တာပါ။ NLD ပါတီဥက္ကဌဆိုပေမယ့် နွေဦးတော်လှန်ရေးစကတည်းက ဘယ်နေရာမှ မပါခဲ့ဘူး။ အခုစစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်တော့မှ နေရာအချောင်ရမလားဆိုပြီး ဝင်ပြိုင်တာ။ ပါတီက အခုလိုထုတ်ပယ်တာ ကြိုဆိုတယ်၊ ဒီလို လောက်ကောင်တွေ ပါတီထဲမှာမထားတာ အကောင်းဆုံးပဲ”ဟု ရေကြည်မြို့ခံ NLD ပါတီဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
NLD ပါတီက ဧရာ၀တီတိုင်းမှ ၃ ဦးအပြင် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှ ဒေါ်ခင်ညို၊ လင်းခေးမြို့နယ်မှ စိုင်းဆေဟန်၊ ရန်ကုန်တိုင်း လသာမြို့နယ်မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၇/ပါတီဝင် ဦးဝင်းမြင့်သန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၈/ပါတီဝင် တောင်ဒဂုံမြို့နယ်မှ ဦသူရအောင်၊ တောင်ဒဂုံ ၂၁ ရပ်ကွက် NLD ဥက္ကဌ ဦးနေဝင်းထွန်းနှင့် တောင်ဒဂုံ ရှမ်းတဲကြီးရပ်ကွက် NLD ဥက္ကဌ ဦးမြင့်ဦးတို့ဖြစ်ကြောင်း သိရသည်။
ပုံစာ-မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်််််််ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော််််ဝင်း (ပုံဟောင်း)