ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်စခန်းဌာနချုပ်(လပထ)တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အားလုံး မဖြစ်မနေ မဲပေးရန်နှင့် မဲမပေးသူများကို ကြီးလေးစွာ အရေးယူမည်ဟု စစ်ကော်မရှင်ဘက်က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြည်လမ်း၊ ပန်းခြံကုန်းမှတ်တိုင်အနီးရှိ အဆိုပါ လေတပ်စခန်းဌာနချုပ်ဝင်းအတွင်းမှ တပ်ဖွဲ့ဝင်များကို တပ်ပြင်ထွက်ခွင့် လုံးဝပိတ်ထားပြီး မဲရုံသို့ သွားရောက်စေခြင်းဖြစ်သည်။
“တပ်ပြင်ထွက်ခွင့် ပိတ်ထားတယ်။ မဲမပေးတဲ့သူနဲ့ သူ့မိသားစုကို ကြီးကြီးမားမား အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ တပ်ပြင်ကို ခိုးထွက်လို့မရအောင်လည်း လုံခြုံရေးတွေ အရင်ထက် ပိုတိုးမြှင့်ချ ထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ များပြားကြောင်း ပြသနိုင်ရန်အတွက် ပြည်သူများကိုသာမက တပ်တွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကိုပါ အကျပ်ကိုင် ဖိအားပေး နေခြင်း ဖြစ်သည်။
လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လုံခြုံရေး အထူးတင်းကျပ်ထားပြီး တပ်မိသားစုဝင်များနေထိုင်ရာ ရပ်ကွက်များတွင်လည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။