ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဒီဇင်ဘာ ၂၈ ရက်
စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဝင်းအတွင်းသို့ ယနေ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲစတင်သည့်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လေး လုံးမှာ စစ်ဌာနချုပ်ဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။
“စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြတဲ့ မစ်ရှင်ပါ။ ပြည်သူထိမှာစိုးလို့ မဲရုံရှိရာ ရပ်ကွက်တွေကို မပစ်ဘဲ လပခ ထဲကိုပဲ ပစ်တာပါ။ လေးလုံးလုံး စစ်ဌာနချုပ်ထဲ ကျရောက် ပေါက်ကွဲတာပါ” ဟု BWM အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ လပခ စစ်ဌာနချုပ် တိုက်ခိုက်ခံရမှုကို စစ်ကော်မရှင်၏ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် ကလည်း ဝန်ခံထားပြီး ၎င်းတို့ဘက်မှ နှစ်ဦး ထိခိုက်မှုရှိကြောင်း ပြောဆိုထားသည်။
စစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်က နန်းတွင်းနှင့် တောင်ခြေဘက်မှနေ၍ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များမှာ လူနေရပ်ကွက်များအတွင်း ကျရောက်ခဲ့သဖြင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကို Brave Warriors for Myanmar (BWM)၊ No More Dictatorship (NMD-PDF)၊ Shadow(အညာ) နှင့် Infinity(ပူးပေါင်းအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းပြသမည့် အခြားလုပ်ငန်းစဉ်များလည်း ဆက်လက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မန္တလေးတစ်မြို့လုံး၌ လုံခြုံရေး အထူးတင်းကျပ်ထားပြီး အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်ရှိ မဲရုံများတွင် ပေ ၂၀၀ အကွာမှစ၍ လမ်းများကို ပိတ်ထား ကာ မဲလာပေးသူများကိုလည်း ဖုန်းများသိမ်းယူပြီးမှသာ မဲရုံအတွင်း ဝင်ခွင့်ပြုနေကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့