ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
စစ်တက္ကသိုလ်များတည်ရှိသည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ကျင်းပသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြည်သူအများစုက မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြပြီး လူနည်းစုသာ မဲပေးသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့မြို့ထဲကမဲရုံတွေကို မနက်ပိုင်းပတ်ကြည့်တာ မဲလာပေးတဲ့သူ အတော်လေးကိုနည်းပါးတာ တွေ့ခဲ့တယ်။ ၂၀၂၀ နဲ့ယှဥ်ရင် ဘာမှကိုမဆိုင်တာ။ မြို့ခံအများစုက မဲမပေးဘဲ အိမ်မှာပဲနေကြတာများတယ်။ မဲမပေးဘဲ သပိတ်မှောက်ကြတာပေါ့။ မဲပေးသူတွေကလည်း ကြောက်လို့ပေးကြတာများပါတယ်။ ကျုပ်လည်း မဲရုံတွေ ပတ်သာကြည့်တာ မဲမပေးခဲ့ဘူး”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့က မြို့ကြီးတချို့ရှိ မဲရုံများအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ လူစည်ကားရာ လမ်းဆုံများနှင့် မဲရုံများအနီးတွင် စစ်သားနှင့်ရဲလုံခြုံရေးအများအပြားချထားကာ လုံခြုံရေးတင်းကြပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်