ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာ၀တီတိုင်း၊ မအူပင်မြို့တွင် စစ်တပ်မှ မဲမပေးသူများကို ဖမ်းဆီးကာ စစ်ထဲထည့် (ပေါ်တာဆွဲ) မည်ကို စိုးရိမ်သဖြင့် လူငယ်အများအပြား မဲပေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
“သိရသလောက်ကတော့ တချို့မဲရုံတွေ လူများတယ်။ တချို့မဲရုံ လူနည်းတယ်။ မဲလာပေးကြတာ လူငယ်၊ လူလတ်ပိုင်း များတယ်။ အဓိကတော့ လူငယ်တွေက မဲမပေးခဲ့ရင် စစ်တပ်ကအပြစ်ရှာဖမ်းပြီး ပေါ်တာဆွဲ စစ်ထဲထည့်မှာကို စိုးရိမ်နေကြတာ၊ အဲဒါကြောင့် မဲသွားပေးကြတာများတယ်။ အဓိကတော့ ကြောက်လို့ မဲပေးကြတာ”ဟု မအူပင်မြို့ပေါ်မဲရုံများအခြေအနေကို မြင်တွေ့ခဲ့သည့်ဒေသခံလူငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မအူပင်မြို့နယ်မဲဆန္ဒနယ်မှာ အာဏာသိမ်းစစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးကံမြင့်သန်း ဝင်ရောက်ယှဥ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်သည်။