ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

ဖိအားပေးခြိမ်းခြောက် မဲပေးခိုင်းပြီး စစ်တပ်ကပြုလုပ်သည့် ရွေးကောက်ပွဲကို နာမည်ပျက်မခံဘူးဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြွေးကြော်ပြောဆိုခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်၊ မဲရုံ အမှတ် ၁ တွင် မဲလာပေးသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ထိန်းချုပ်ထားသည့် မီဒီယာများကို အထက်ပါအတိုင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ ပြောဆိုချက်သည်အရှိတရားနှင့်ကင်းကွာနေပြီး ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တိုင်းတွင် စစ်အုပ်စုဒေါက်တိုင်များက ဖိအားပေးခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းများ ပြုလုပ်၍ မဲပေးခိုင်းခြင်းကို ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းရရှိထားသည်။

“တိုက်တာဝန်ခံက တိုက်မှာလူဘယ်နှစ်ယောက်ရှိလဲ။ရှိတဲ့လူတွေအနေနဲ့ မဲပေးပြီးရင် မဲရုံမှာစောင့်နေတဲ့ တိုက်တာဝန်ခံကို ဆီမှာ သတင်းပို့ရတယ်။ မပေးရဲတဲ့လူမရှိအောင် ခြိမ်းခြောက်ထားတာ။ လူမပြည့်ရင်တိုက်တာဝန်ခံက တာဝန်ယူရမယ်ဆိုပြီး ဖိအားပေးတယ်” ဟု နေပြည်တော်တွင် နေထိုင်သည့် Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်က ဦစီးဦးဆောင်ပြုလုပ်သည့် ရွေးကောက်ပွဲကို အများပြည်သူများက စိတ်ပါဝင်စားမှုမရှိသည့်အတွက် မဲစာရင်းစစ်ဆေးသည့် လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက အယုံအကြည်မရှိကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆိုကာ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး စစ်တပ်နှင့်ဆက်စပ်သည့် နိုင်ငံအချို့သာ လာရောက်လေ့လာမှုပြုလုပ်ကြသည်။

“ မင်းအောင်လှိုင်က ရွေးကောက်ပွဲမဲထည့်ပြီးရင် ဒီလိုပဲပေါက်ကရတွေပြောနေကြ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူ့အဆုံးအဖြတ်ကို လက်ခံမယ်ပြောပြီး အာဏာသိမ်းတာ။ ဒီလောက်အဓမ္မဖိအားပေးခြိမ်းခြောက်နေတာကြီးကို နာမည်ချက်မခံဘူးဆိုတော့ သူတို့မှာ နာမည်ပျက်ဖို့ရော ကျန်သေးလို့လား” ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကာ ပြုလုပ်မည်ဖြစ်ပြီး မဲစာရင်းရလဒ်များကိုလည်း ရွေးကောက်ပွဲအားလုံး ကျင်းပပြီးမှသာ ထုတ်ပြန်မည်ဟုဆိုထားသည်။

ရွေးကောက်ပွဲကျင်းပနေချိန်တွင် စစ်ကော်မရှင်က မြို့နယ်အချို့ရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး မြို့ပေါင်း၃၃၀ ရှိသည့်နက် ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ဝန်ခံထုတ်ပြန်ထားသည်။