ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကော်မရှင်က စက်ခလုတ်နှိပ်ကာ လျှို့ဝှက်မဲပေးရသည့်စနစ်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင် မဲရုံအတွင်း၌ ပျူစောထီးများနှင့် အုပ်ချုပ်ရေးအဖွဲ့များက အနီးကပ်စောင့်ကြည့် ထိန်းချုပ်မှုများ ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မဲရုံများတွင် မဲစက်ခလုတ်နှင့် မဲပုံးများထားသည့်နေရာ၌ ပျူစောထီးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက လှည့်ပတ်နေရာယူထားပြီး မဲပေးသူ၏ ဆန္ဒကိုပါ သိရှိနိုင်သည့် အနေအထားမျိုး ဖန်တီးထားကြောင်း မဲသွားပေးသူများက ဆိုသည်။

မဲရုံနှင့် ကိုက်အနည်းငယ်အကွာရှိ လမ်းဆုံလမ်းခွများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း လက် နက်အပြည့်အစုံနှင့် စောင့်ကြပ်နေသည့်အပြင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်များ၊ ပြည်သူ့စစ်များက ကြိုးများတားကာ လမ်းပိတ်စောင့်ကြပ်နေကြပြီး မဲစက်ခလုတ်နှင့် မဲပုံးများထားသည့် မဲရုံအတွင်းတွင် ပျူစောထီးနှင့် ရပ်ကျေးအဖွဲ့များက လှည့်ပတ်နေရာယူထားကြောင်း သိရသည်။

“မဲစက်ခလုတ်ပေးတဲ့ခုံကို ပြတင်းပေါက်နားမှာထားတော့ ဘယ်ခလုတ်နှိပ်တယ်ဆိုတာ တန်းစီတဲ့ သူတွေရော၊ အပြင်ကလူတွေရော အကုန်မြင်နေရတယ်။ မဲစက်စိမ်းမစိမ်း စောင့်ကြည့်တဲ့သူကလည်း ကိုယ်ဘာနှိပ်တယ်ဆိုတာ မြင်နေရတယ်။ ပျူစောထီးတွေကလည်း လှည့်ပတ်ကြည့်နေတော့ မဲပေးရတာ လုံးဝမလုံခြုံဘူး” ဟု ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မဲစက်ခလုတ်ပေးတဲ့ခုံကို ပြတင်းပေါက်နားမှာထားတော့ မဲပေးတဲ့သူ ဘယ်ခလုတ်နှိပ်တယ်ဆိုတာ တန်းစီတဲ့သူတွေက အကုန်မြင်နေရတယ်။ ပြီးတော့ မဲစက်စိမ်းမစိမ်း စောင့်ကြည့်တဲ့သူက ကိုယ်ဘာနှိပ်တယ်ဆိုတာ မြင်နေရတယ်။ ပျူစောထီးတွေက လှည့်ပတ်ပြီးကြည့်နေတော့ မဲပေးရတာ မလုံခြုံဘူး” ဟု ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဲရုံပတ်ဝန်းကျင်တွင် CCTV များ တပ်ဆင်ထားသည့်အပြင် လမ်းဆုံလမ်းခွများ၌ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေကြသည်။ ထို့ပြင် မဲပေးပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မှင်တို့ရာ၌လည်း ရက်ရှည်ခံသည့် မှင်မျိုးမဟုတ်ဘဲ တံဆိပ်တုံး နှိပ်သည့် Inkpad ကိုသာ အသုံးပြုနေသဖြင့် ဆပ်ပြာနှင့်ဆေးလျှင် ချက်ချင်းပျက်ပြယ်သွားကြောင်း သိရသည်။

မဲပေးရာတွင် မှတ်ပုံတင်နံပါတ်နှင့် မဲစာရင်း တိုက်စစ်သည်ဆိုသော်လည်း မဲစက်ခလုတ်နှိပ်ရမည့် နေရာတွင် မဲနံပါတ်တစ်ခုတည်းကိုသာ စစ်ဆေးခြင်းမျိုး ရှိကြောင်း သိရသည်။