နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းနှင့် တောင်ဒဂုံမြို့နယ်တို့တွင် အတုအယောင် ရွေးကောက်ပွဲအား မဲလာပေးသူ နည်းပါးနေ၍ စစ်ကော်မရှင် လက်အောက်ခံများက ကားဖြင့်လိုက်အော်နေကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်း စစ်ကော်မရှင်က ယနေ့ဒီဇင်ဘာ ၂၈ ရက်တွင် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁)အား ထိုမြို့နယ်များအပါအဝင် နိုင်ငံတဝန်းရှိ မြို့နယ်တချို့၌ ပုံဖော်ဖန်တီးကာ လုပ်နေခြင်းဖြစ်သည်။
“ဖွတ်တွေ အစောကြီး မဲတွေပေးပြီး ဓာတ်ပုံတွေရိုက် သူတို့ဌာနချုပ်ကို ပို့ကြတယ်။ အခု မဲရုံတွေမှာ လူမရှိလို့ ကားမှာလော်တပ်ပြီး မဲပေးဖို့ တစ်မြို့နယ်လုံး လိုက်အော်နေတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးများကလည်း အတုအယောင် ရွေးကောက်ပွဲအား ပြည်သူများ မဲလာမပေးလျှင် ထောင်ဒဏ် ခြောက်လထိ ဖမ်းဆီးချမှတ်မည်ဟု ရပ်ကွက်များအတွင်း လိုက်လံဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရသည်။
အလားတူ တောင်ဒဂုံမြို့နယ်၌လည်း စစ်ကော်မရှင် လက်အောက်ခံများက မဲလာပေးရန် ကားဖြင့်လိုက်အော်နေပြီး ပြည်သူအများစုမှာ စိတ်မဝင်စား၍ အိမ်တံခါးများ ပိတ်ထားကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်က ထိုရွေးကောက်ပွဲ အပိုင်း(၁)ကို ရန်ကုန်တိုင်းရှိ ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံ့တေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့၌ ပြုလုပ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်