ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲတွင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခံရ၍ မဖြစ်မနေ သွားရောက်မဲပေးရသည့် ပြည်သူများမှာ မိမိတို့ကိုယ်ကို ရှက်ရွံ့မိပြီး စိတ်မသက်မသာ ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်သည့် ရွေးကောက်ပွဲ၌ လာရောက်မဲပေးသူ အများစုမှာ စစ်ကော်မရှင်နှင့် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ၏ ဖိအားပေး အကျပ်ကိုင်မှုများကြောင့်သာ မဲရုံသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ကို အုပ်ချုပ်ရေးမှူးက မဲနံပါတ်သိလားမေးတယ်။ မသိဘူးလို့ဖြေတာကို ‘နင်တို့ကို အခုဖမ်းပြီး ထောင်ထဲထည့်လိုက်လို့ရတယ်။ မဲမထည့်တာက စစ်တပ်ကို မခန့်လေးစားလုပ်တာ၊ အမှုကြီးတယ်’ လို့ ပြောပြီး ခြိမ်းခြောက်တယ်။ တကယ်တော့ မဲသွားထည့်ရတာ ကျွန်မတို့ ရှက်ပါတယ်” ဟု သာကေတမြို့နယ်တွင်နေထိုင်ပြီး သန်လျင်မြို့နယ် အတွင်းရှိ မဲရုံသို့ လာရောက်မဲထည့်ခဲ့ရသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်သူအများစုမှာ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သဖြင့်သာ မဲသွားပေးကြသော်လည်း စစ်ခေါင်းဆောင် ပြုလုပ်သည့် ဤအတုအယောင်ရွေးကောက်ပွဲအပေါ် လုံးဝအယုံအကြည်မရှိဘဲ ဆန့်ကျင်လိုကြကြောင်း ပြောဆိုကြသည်။

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မိမိတို့၏ ဆန္ဒမဲ ဆုံးရှုံးမည်စိုးသဖြင့် တက်ကြွစွာ ကြိုတင် မဲပေးခဲ့ကြသည့် သက်ကြီးရွယ်အို အများအပြားမှာလည်း ယခုရွေးကောက်ပွဲတွင်မူ မဲပေးခြင်းမရှိဘဲ နေအိမ်၌သာ နေထိုင်နေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ဤရွေးကောက်ပွဲကို အောင်မြင်သည်ဟု ပြသရန် ကြိုးပမ်းနေသော်လည်း မြေပြင် တွင်မူ ပြည်သူများ၏ စိတ်ပျက်ရွံရှာမှုနှင့် အတင်းအကျပ် အကျပ်ကိုင်မှုများဖြင့်သာ ပြည့်နှက်လျက် ရှိသည်။

#ရန်ကုန် #ခြိမ်းခြောက်ခံရမှု #မဖြစ်မနေမဲပေးရခြင်း #ပြည်သူ့ရင်ဖွင့်သံ #သာကေတ #စစ်ကော်မရှင် #FakeElection2025 #ရွေးကောက်ပွဲစောင့်ကြည့်မှတ်တမ်း #Ayeyarwaddy_Times

ပြင်ဆင်ချက်
“ယခင်သတင်းဖော်ပြချက်တွင် ပါဝင်ခဲ့သည့် သာကေတမြို့နယ်၌ နေထိုင်သူ အမျိုးသမီးမှာ ၎င်း၏ မူလနေရပ်ဖြစ်သော သန်လျင်မြို့နယ်အတွင်းရှိ မဲရုံတစ်ခုသို့ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် သွားရောက်မဲပေးခဲ့ရခြင်းဖြစ်ကြောင်း အချက်အလက်မှန်ကို သိစေရန် ထပ်မံ ဖော်ပြအပ်ပါသည်။” (အယ်ဒီတာအဖွဲ့)